စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်၊ သာစည်ကျေးရွာကို အကြမ်းဖက် စစ်တပ်က ထပ်မံ မီးရှို့ဖျက်ဆီးနေကြောင်း ဒေသပြည်သူများကပြောဆိုသည်။
ယနေ့ ဇွန်လ ၂၉ ရက်နေ့တွင် ကလေးမြို့နယ် တောင်ပိုင်းရှိ သာစည်ရွာကို အကြမ်းဖက် စစ်တပ်က ထပ်မံ မီးရှို့ဖျက်ဆီး နေခြင်းဖြစ်ကြောင်း၊ ထို့ပြင် ဇွန်လ ၂၅ ရက်နေ့ကလည်း သာစည်ရွာကို အကြမ်းဖက် စစ်တပ်က မီးရှို့ဖျက်ဆီးခဲ့ပြီး နေအိမ် ၄ လုံး မီးလောင် ပြာကျခဲ့ကြောင်း သိရသည်။
“အစက ရှို့မီးလား လက်နက်ကြီးလား မသိရသေးဘူး ။ ခု ရှို့မီးသေချာသွားပါပြီ။ စစ်ခွေးတွေ ရွာထဲက မထွက်သေးဘူး” ဟု ဒေသပြည်သူတစ်ဦးက ပြောကြားသည်။
ထို့ပြင် အကြမ်းဖက် စစ်တပ်က ယနေ့ ဇွန်လ ၂၉ ရက်နေ့ မွန်းလွဲပိုင်းမှ စတင်ပြီး ကလေးမြို့နယ် တောင်ပိုင်းကို စစ်ကြောင်းထိုးနေကြောင်း၊ ကလေးမြို့ ဒေသကွပ်ကဲမှု စစ်ဌာနချုပ်မှ ယနေ့ ဇွန်လ ၂၉ ရက်နေ့တွင် ဖောကား ၁ စီး ၊ ၁၂ ဘီးကား ၂ ဖြင့် အကြမ်းဖက် စစ်တပ် တပ်စွဲထားသော အဖွဲ့စက်ဂိတ်ကို အင်အား လာရောက် ဖြည့်တင်းသွားကြောင်းသိရသည်။
လက်ရှိချိန်တွင် အဆိုပါ အဖွဲ့စက်ဂိတ်ရှိ စစ်ကြောင်းများက ကလေးမြို့နယ် အရှေ့ဘက်ကို စစ်ကြောင်း ထိုးနေကြောင်း၊ မီးရှို့ဖျက်ဆီးခံရသည့် သာစည်ကျေးရွာသည် အဖွဲ့စက်ဂိတ်နှင့် လှမ်းမြင်ရသည်အထိ နီးကပ်သည့် ကျေးရွာဖြစ်ပြီး အကြမ်းဖက်စစ်တပ်မှ စစ်ကြောင်းထိုးနေသည့်အတွက် ပြည်သူများ ထွက်ပြေး တိမ်းရှောင်နေရကြောင်း ဒေသပြည်သူများက ပြောဆိုသည်။