စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်၊ ချမ်းသာကြီးရွာကို အကြမ်းဖက် စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ရာ ကျေးရွာ ဘုရားကျောင်းနှင့် နေအိမ် ၂ လုံး ထိမှန်ပျက်စီးခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။
ဇွန်လ ၁၀ ရက်နေ့တွင် စခန်းကြီးကျေးရွာ၌ တပ်စွဲထားသော အကြမ်းဖက် စစ်တပ်က လက်နက်ကြီးများဖြင့် ချမ်းသာကြီးကျေးရွာကို ပစ်ခတ်ခဲ့သောကြောင့် နေအိမ် ၂ လုံးနှင့် ကျေးရွာဘုရားကျောင်း လက်နက်ကြီး ကျည်စ ထိမှန် ပျက်စီးခဲ့ကြောင်း သိရှိရသည်။
“ညက ၈ နာရီကျော်ကျော်မှာ ထုတာ။ တိုက်ပွဲမရှိပါဘူး။ စခန်းကြီးဘက်ကနေ ထုတာ။ လက်နက်ကြီး မထုခင်မှောင်ခါစအချိန်မှာ ခွေးတွေ ကပ်လာနေတယ်ဆိုတာ ကြားသိလို့ ရှောင်နေကြတယ်။ လူထိခိုက်မရှိပါဘူး” ဟု ဒေသပြည်သူတစ်ဦးက ရန်ကုန်ခေတ်သစ်သို့ ပြောပြသည်။
အကြမ်းဖက် စစ်တပ်၏ စစ်ကြောင်းသည် စခန်းကြီးကျေးရွာမှ နန်းစောင်းပုရွာဟောင်းဘက်သို့ ဝင်ရောက်ခြင်းဖြစ်ကြောင်း၊ နန်းစောင်းပုရွာဟောင်းမှ ချမ်းသာကြီးရွာဘက်သို့ ကပ်လာသည်ဟု ကြားသိရ၍ ပြည်သူများမှ ထွက်ပြေးတိမ်းရှောင်ကြခြင်း ဖြစ်ကြောင်း ဒေသပြည်သူများထံမှ သိရှိရသည်။