စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်ရှိ စက္ကန့်ကျေးရွာမှ မြေးအဘွား ၂ ဦးကို စစ်သားများက သတ်ဖြတ်ပြီး ကျေးရွာကို ၂ ရက်ဆက် မီးရှို့ဖျက်ဆီးနေကြောင်း ဒေသပြည်သူများက ပြောဆိုသည်။
အောက်တိုဘာလ ၇ ရက်နေ့တွင် အကြမ်းဖက် စစ်တပ်က စက္ကန့်ကျေးရွာမှ အသက် ၆၇ နှစ်အရွယ် Nu Ngaih Hnem နှင့် အသက် ၁၄ နှစ် အရွယ် Salai Van Bawi Lian တို့ကို သတ်ဖြတ်ပြီး ရုပ်အလောင်းနှင့် စီးလာသည့် ဆိုင်ကယ်ကိုလည်း မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။
“ရွာထဲပြန်ဝင်တဲ့ အချိန်မိတာပါ။ အဘွားက မုန်ညင်းသွားယူလိုက်ဦးမယ်ဆိုပြီး သွားတာ။ တခြားရွာသားတွေကလည်းတားတယ်။ မရဘူး။ သူတို့အိမ်နဲ့အတူ အလောင်းကို မီးရှို့တာ။သူတို့စီးတဲ့ ဆိုင်ကယ်ကိုရော”ဟု CNO Upper Chindwin Region – UCR မှ တာဝန်ရှိသူမှ ပြောကြားသည်။
ယနေ့ အောက်တိုဘာလ ၈ ရက်နေ့တွင်လည်း အကြမ်းဖက် စစ်တပ်က စက္ကန့်ကျေးရွာကို ထပ်မံ မီးရှို့နေပြီး ကျေးရွာအတွင်း၌ စစ်သားများ ရှိနေသောကြောင့် ပျက်စီးဆုံးရှုံးမှု အခြေအနေကို အတည်မပြုနိုင်သေးကြောင်း သိရှိရသည်။
“စက္ကန့်ကိုလည်း ခုထိ မီးထပ်ရှို့နေတယ်။ ရွာထဲမှာ မီးရှို့နေတာ အခုအထိပဲ”ဟု ဒေသပြည်သူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။