စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်၊ ရာဇဂြိုလ် ရဲဘက်စခန်းသိမ်း တိုက်ပွဲအတွင်း ထွက်ပြေးသွားသော စစ်ကောင်စီ တပ်ဖွဲ့ဝင် ၄ ဦးကို သေနတ် ၂ လက်နှင့် ဖမ်းဆီးရမိခဲ့ကြောင်း NUG ကာကွယ် ရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။
နိုဝင်ဘာလ ၃ ရက် နံနက် ၃ နာရီခွဲခန့်က ကလေးမြို့နယ်၊ ရာဇဂြိုလ်ကျေးရွာအနီးရှိ အကျဉ်းစခန်း ၁ နှင့် ၂ တို့ကို အထူးလှုပ်ရှားတပ်ရင်း ၂ မှ ဝင်ရောက်တိုက်ခိုက်ခဲ့ရာ အကျဉ်းစခန်းသိမ်းပိုက်ရရှိခဲ့ပြီး မွန်း တည့် ၁၂ နာရီ ၄၆ မိနစ်တွင် အကြမ်းဖက်စစ်ကောင်စီတပ်မှ တိုက်ခိုက်ရေး လေယာဉ် (Jet Fighter) ဖြင့် လာရောက်ဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်း၊ အဆိုပါအကျဉ်းစခန်း ၁ မှ စစ်ကောင်စီ တပ်ဖွဲ့ဝင် ၂၀ ဦးခန့်သည် ပြည်သူ့ဘက်သို့ ကူးပြောင်းခိုလှုံခဲ့ကြောင်း သိရသည်။
ထိုစခန်းသိမ်း တိုက်ပွဲအတွင်း ထွက်ပြေးသွားသော အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့ဝင် ၄ ဦးကို သေနတ် ၂ လက်နှင့်အတူ ယနေ့ နိုဝင်ဘာလ ၉ ရက်နေ့၌ ဖမ်းဆီးရရှိခဲ့ပြီး နိုင်ငံ တကာ စစ်သုံ့ပမ်း စည်းမျဉ်း စည်းကမ်းများနှင့်အညီ ထိန်းသိမ်းထားကြောင်း NUG ကာကွယ်ရေး ဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။