စစ်ကိုင်းတိုင်း၊ ကလေးမြို့၊ ပင်လုံရပ်ကွက် လမ်းဆုံအနီးက မုန့်တိုက်တစ်တိုက်ကို မနေ့က ညနေပိုင်း စစ်အုပ်စုက အကြောင်းမဲ့ စီးနင်းလုယက်ပြီးနောက် မုန့်တိုက်ပိုင်ရှင်၊ ၀န်ထမ်းနဲ့ စျေး၀ယ်သူတွေ အပါအ၀င် မုန့်တိုက်ထဲ ရှိနေသူ (၁၅)ဦးထက်မနည်းကို ဖမ်းခေါ်သွားတယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက ပြောပါတယ်။
“လမ်းဆုံက ဖိုးလမင်းမုန့်တိုက် ဖမ်းခံရတာ။ လာ၀ယ်တဲ့ ကောင်လေးတစ်ယောက်လည်း ပါတယ်။ သူ့ကိုတော့ ထိုးကြိတ်၊ ရိုက်နှက်ပြီး ဖမ်းတာ။ ပိုင်ရှင်၊ ၀န်ထမ်း၊ လာ၀ယ်သူနဲ့ဆို (၁၅)ဦးကျော်တယ်။ နေ့ခင်း(၃)နာရီ လောက်မှာ လာဖမ်းတာ “
ဇန်နဝါရီ(၁၅)ရက် ညနေ(၃)နာရီလောက်မှာ စစ်အုပ်စုက မုန့်တိုက်ကို စီးနင်းလုယက်တာ ဖြစ်ပြီး ပိုင်ရှင်ဖြစ်သူ ဒေါ်ဌေးစိန် အပါအ၀င် (၁၅)ဦးထက်မနည်းကို ဖမ်းဆီးသွားကို တချို့ကို အကြမ်းဖက် ရိုက်နှက်ခဲ့တယ်လို့ ဆိုပါတယ်။
အဲ့ဒီ ဖမ်းဆီးသူတွေ အားလုံးကို ကလေးမြို့က စစ်အုပ်စုရဲ့ ဒေသကွပ်ကဲရေး စစ်ဌာနချုပ် – ဒကစထဲ ခေါ်ဆောင်သွားပြီး ဘာကြောင့် အခုလို စီးနင်းလုယက် ဖမ်းဆီးတယ်ဆိုတာ မသိရသေးဘူးလို့ မြို့ခံတွေက ပြောပါတယ်။
“ဒီကောင်တွေက စွက်စွဲလေ့ ရှိတာကတော့ PDF လို့တော့ စွပ်စွဲလေ့ ရှိတာပဲ။ အခု ဖမ်းသွားတဲ့ သူတွေက မုန့်ရောင်းတဲ့သူတွေ။ ပိုင်ရှင် ဒေါ်ဌေးစိန် ပါတယ်။ ၀န်ထမ်းတွေ ပါတယ်။ လာ၀ယ်တဲ့သူတွေ ပါတယ်။ အများစုက ၀န်းထမ်းတွေ။ ဘာကြောင့်ဖမ်းတယ်ဆိုတာကတော့ မသိရသေးဘူး။ သူတို့က မုန့်ရောင်းတယ်။ K pay၊ Wave Money ထုတ်ပေးတယ်။ ငွေထွက်၊ ငွေ၀င် လမ်းကြောင်းကို ပိတ်ချင်တဲ့ သဘောပါမယ်။ သူတို့က ရေရွှင်တာ ဆိုတော့ ပိုက်ဆံတောင်းချင်တာလည်း ပါမယ်” လို့ မြို့ခံတစ်ဦးက ပြောပါတယ်။
စစ်အုပ်စုဟာ ကလေးမြို့အနှံ့ ဂိတ်တွေဖွင့်ကာ အုပ်စုဖွဲ့ လက်နက်ကိုင်ပြီး လမ်းသွားလမ်းလာ ပြည်သူကို မိုက်ကြေးခွဲ ဖမ်းဆီးငွေညှစ်တာ၊ ပစ်ခတ်သတ်ဖြတ်တာတွေ ထင်တိုင်းကျု ကျူးလွန်နေပြီး လက်ရှိမှာ ကလေးမြို့ပေါ်က မြို့တော်ခန်းမရှေ့၊ နတ်ချောင်းလမ်း၊ အောင်သစ္စာရပ်ကွက် ဘုံတောလမ်း၊ တာဟန်းရပ်ကွက် နေကြာတိုက်ရှေ့နဲ့ လက်ပံချောင်းလမ်း စတဲ့ နေရာတွေမှာ ဂိတ်တွေ ဖွင့်ထားဆဲ ဖြစ်ပြီး ဖမ်းဆီးငွေညှစ်တာတွေ နေ့စဉ်လုပ်ဆောင်ဆဲလို့ မြို့ခံတွေက ပြောပါတယ်။
စစ်အာဏာသိမ်းပြီးနောက် ကလေးမြို့မှာ စစ်အုပ်စုရဲ့ ဖမ်းဆီးခြင်း ခံထားရသူ (၁၃၀၀)ကျော် ရှိပြီး တချို့က ထောင်ချခံထားရကာ တချို့က ဒကစ စစ်ကြောရေး၊ မြို့နယ်ရဲစခန်း၊ ခရိုင်တရားရုံး အချုပ်ခန်းတွေထဲမှာ ဆက်လက် ညှဉ်းပန်းခံနေရဆဲ ဖြစ်တယ်လို့ ဒေသခံ တော်လှန်ရေး အင်အားစုတွေက ပြောပါတယ်။