စစ်ကိုင်းတိုင်း၊ကလေးမြို့နယ်မြောက်ပိုင်းမှာ ဒီကနေ့ မတ်လ ၁၆ ရက်နေ့ စစ်ကောင်စီတပ်နဲ့ ကာကွယ်ရေးတပ်ဖွဲ့တွေအကြား တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီက လက်နက်ကြီးတွေအပြင် Mi35 တိုက်ခိုက်ရေးရဟတ်ယာဉ်နဲ့ပါ တရစပ်ပစ်ခတ်ခဲ့တယ်လို့ ဒေသခံတွေငပြောပါတယ်။
” ဒီတစ်ခါဖြစ်တာက မြို့ထဲကနေ အသံတွေအတိုင်းသားကြားနေရတာ။ နီးလည်းနီးတယ်။ မြို့ထဲကနေ မနက်စောစောလက်နက်ကြီးတွေ ဆက်တိုက်ပစ်တယ်။ လေကြောင်းကနေ ဆယ်ကြိမ်လောက်ပစ်ခတ်တယ်” လို့ ကလေးမြို့ ဒေသခံအမျိုးသားတစ်ဦးက ပြောပါတယ်။
ကလေးမြို့ရဲ့ မြောက်ဘက် ဆယ်မိုင်အတွင်းမှာရှိတဲ့ ဆည်တော်ဦး၊ကျောင်းတိုက်၊ပျဉ်းခုံလေးကျေးရွာ အနီးတစ်ဝိုက်မှာ စစ်ကောင်စီနဲ့ကာကွယ်ရေးတပ်တွေ အပြင်းအထန်တိုက်ပွဲဖြစ်ပွားခဲ့ပြီး ဒီမနက် ၃ နာရီအချိန်ကစလို့ မနက် ၁၀ နာရီခွဲလောက်အထိ ပစ်ခတ်သံတွေကြားနေခဲ့ရတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။
နှစ်ဖက်တိုက်ပွဲအခြေအနေအသေးစိတ်ကိုတော့ သိရှိရခြင်းမရှိသေးပါဘူး။ စစ်ကောင်စီရဲ့ လက်နက်ကြီးပစ်ခတ်မှု၊ လေကြောင်းပစ်ခတ်မှုကြောင့် နေအိမ်တစ်ချို့ထိခိုက်ပျက်စီးတယ်လို့ သတင်းရင်းမြစ်တွေဆီကသိရပါတယ်။
မတ်လ ၁၄ရက်နေ့ကလည်း စစ်ကောင်စီပစ်ခတ်တဲ့လက်နက်ကြီးထိမှန်မှုကြောင့် လက်ပံချောင်းရွာက အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦး သေဆုံးခဲ့ပြီး ကလေးငယ်အပါအဝင် ၆ဦးထိခိုက်ဒဏ်ရာရခဲ့ပါတယ်။