စစ်ကိုင်းတိုင်း၊ ကလေးမြို့မှာ ပြည့်တန်ဆာခန်းက ပြန်လာတဲ့ စစ်အုပ်စု တပ်ကြပ်အဆင့် တစ်ယောက်ကို မနေ့ညပိုင်းက ဖမ်းဆီးရမိခဲ့တယ်လို့ ဒေသခံ တော်လှန်ရေးတပ်ဖွဲ့၀င်တွေက ပြောပါတယ်။
အောက်တိုဘာ (၂၅)ရက် မနေ့က ညပိုင်း ကလေးမြို့မှာ မူးရူးပြီး မပြန်နိုင်ဖြစ်နေတဲ့ စစ်အုပ်စု လက်နက်ကိုင် တပ်ကြပ်အဆင့် ကျော်ဇင်လင်းဆိုသူကို ကလေးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ – PDF (kalay) တပ်ဖွဲ့က ဖမ်းမိခဲ့တာလို့ ဆိုပါတယ်။
ဖမ်းမိတဲ့ စစ်အုပ်စု တပ်ကြပ် ကျော်ဇင်လင်းဟာ ယခင်က မုံရွာခရိုင် အရာတော်မြို့က စစ်အုပ်စု တပ်ရင်းမှာ နေခဲ့ပြီး လက်ရှိမှာ ကလေးမြို့ကို ပြောင်းရွှေ့လာသူ ဖြစ်ကြောင်းနဲ့ အရာတော်နယ်မှာရော လက်ရှိ ကလေးမြို့နယ်မှာပါ စစ်အုပ်စု စစ်ကြောင်းထိုးချိန် လိုက်ပါရကြောင်း ၀န်ခံထွက်ဆိုထားတယ်လို့ ဆိုပါတယ်။
အဲ့ဒီ စစ်အုပ်စု တပ်ကြပ် ကျော်ဇင်လင်းဟာ မူးရူးပြီး ပြည့်တန်ဆာခန်းက အပြန် PDF – Kalay တပ်ဖွဲ့ စစ်ကြောင်းနဲ့ တွေ့ပြီး ဖမ်းဆီးခံရတာ ဖြစ်တယ်လို့ PDF- Ka;ay တပ်ဖွဲ့၀င်တစ်ဦးက ပြောပါတယ်။
” အရက်မူးနေတာ။ ကျနော်တို့နဲ့ တွေ့တဲ့အချိန်ထိ အမူးမပြေသေးဘူး။ ဖာအိမ်က ပြန်လာတယ် ဆိုတာက သူပြောမှ သိရတာ။ ဒီကောင်က နယ်မကျွမ်းကျင်ဘူး။ သူ့တပ်သူ မပြန်တတ်ဘူး။ မျက်စိလည်နေတာ။ မြို့ရှောင်လမ်းကို ပတ်မေးနေတာ။ ကျနော်တို့နဲ့တွေ့တော့ ဖမ်းထားလိုက်တာ”
ဖမ်းမိတဲ့ စစ်အုပ်စု တပ်ကြပ်ကို သက်ဆိုင်ရာတွေကို ပေးပို့ပြီး အရေးယူဆောင်ရွက်မယ်လို့ PDF – Kalay တပ်ဖွဲ့၀င်တွေက ပြောပါတယ်။
ကလေးမြို့က စစ်အုပ်စု လက်နက်ကိုင် စစ်သား၊ ရဲနဲ့ ပျူတွေဟာ စစ်အာဏာသိမ်းစကလို အလွယ်တကူ လူသတ်၊ လုယက်၊ ဖောက်ထွင်းခိုးယူ၊ ဖမ်းဆီးငွေညှစ်တာတွေ လုပ်လို့ မရတော့ဘဲ တော်လှန်ရေး အင်အားစုတွေရဲ့ တိုက်ခိုက် ခံနေရတာကြောင့် စစ်အုပ်စု လက်နက်ကိုင်အဖြစ် ဆက်လက် လုပ်ကိုင်လိုခြင်း မရှိတော့ဘဲ ထွက်ပြေးတာ၊ ကျန်းမာရေး အကြောင်းပြပြီး အနားယူတာ၊ ဘုန်းကြီး၀တ်တာတွေ လုပ်နေကြတယ်လို့ စစ်အုပ်စု တပ်တွင်းအခြေအနေကို သိရှိသူတချို့က ပြောပါတယ်။