ကလေးမြိုရှိ ပြည်သူများ နေအိမ်များစွန့်ခွာပါက မီးရှို့မည်ဟု စစ်ကောင်စီတပ်များ ခြိမ်းခြောက်နေကြောင်း အဆိုပါမြို့ခံများက ပြောသည်။
ကလေးခရိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့က နိုဝင်ဘာ ၂၆ ရက်စွဲဖြင့် စစ်ကောင်စီတပ်စွဲထားသည့် စခန်းများနှင့် ပျူစောထီးကျေးရွာမှ ပြည်သူများ ဒီဇင်ဘာ ၁၅ ရက်နောက်ဆုံးထား တိမ်းရှောင်ရန် သတိပေးချက်ထုတ်ပြန်ပြီးနောက် စစ်ကောင်စီတပ်က ယခုလို့ တုံ့ပြန်လာခြင်းဖြစ်သည်။
“ကာကွယ်ရေးအဖွဲ့တွေက သတိပေးထုတ်ပြန်ပြီးတော့ သူတို့ဘက်(စစ်ကောင်စီ)က ထွက်သွားတဲ့သူတွေရဲ့ အိမ်ကို မီးရှို့မယ်လို့ ခြိမ်းခြောက်နေတယ်။ အခုက ထွက်လို့လည်းမရ။ ဒီတိုင်းလဲ မနေရဲဘူး ဖြစ်နေတယ်”ဟု ကလေးမြို့ခံတစ်ဦးက ပြောသည်။
စစ်ကောင်စီတပ်က ၎င်းတို့ တပ်စွဲထားသည့် မြို့တော်ခန်းမနှင့် အမှတ်(၂၂၈)တပ်ရင်းအနီးရှိ ဒေသခံပြည်သူများကို အဓိက ခြိမ်းခြောက်နေခြင်းဖြစ်သည်ဟု ဒေသခံတစ်ဦးက ပြောသည်။
“PDFတွေ တိုက်လာရင် ပြည်သူကို ဓားစာခံထားပြီး လူသားဒိုင်းလုပ်ချင်ကြတာလေ။ ပြည်သူတွေကလည်း ကြောက်လန့်နေတယ်။ သက်ကြီးရွယ်အိုရှိတဲ့ အိမ်တွေကတော့ တခုခုဖြစ်မှာ ပိုကြောက်နေကြတယ်။ ”ဟု အခြားကလေးမြို့ခံတစ်ဦးက ပြောသည်။
ကလေးခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ကလေးမြို့နယ်အတွင်း စစ်ရေးအရှိန်မြင့်မည်ဖြစ်၍ စစ်ကောင်စီ တပ်ရင်းများ၊ တပ်စခန်းများ၊ ဂိတ်များ၊ တပ်စွဲရာနေရာများနှင့် ပျူစောထီးကျေးရွာများမှ ပြည်သူများအား ဒီဇင်ဘာ ၁၅ ရက်နောက်ဆုံးထား တိမ်းရှောင်ကြရန် တိုက်တွန်းထားသည်။
ထိုပြင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ၊ ရဲများ၊ ပျူစောထီးများနှင့် စစ်ကောင်စီ ထောက်တိုင်ဌာနဆိုင်ရာဝန်ထမ်းများအနေဖြင့်လည်း အမြန်ဆုံးပြည်သူ့ရင်ခွင်ခိုလှုံကြရန်လည်း သတိပေးတိုက်တွန်းထားသည်။
ကလေးမြို့တွင် လမ်းပန်းဆက်သွယ်ပြတ်တောက်မှုကြောင့် ကုန်ဈေးနှုန်းများကြီးမြင့်သည့် ဒဏ်နှင့် စစ်ကောင်စီက အစစ်ဆေးကြမ်းပြီး ငွေညှစ်သည့် ဒဏ်များကို ပြည်သူ့များ ခံစားနေရသည်ဟု ကလေးမြို့ခံများက ပြောသည်။