စစ်ကိုင်းတိုင်း၊ ကလေးမြို့၊ တပ်ဦးသီတာရပ်ကွက် ဘူတာလမ်းခွဲအနီးတွင် အကြမ်းဖက် စစ်တပ်က ထောင်ထားသည့် မိုင်းနင်းမိပြီး ပြည်သူ ၁ ဦး သေဆုံးခဲ့ကြောင်း ဒေသပြည်သူများထံမှ သိရှိရသည်။
ယနေ့ သြဂုတ်လ ၁၄ ရက်နေ့တွင် အကြမ်းဖက် စစ်တပ်ထောင်ထားသည့် မိုင်းကြောင့် သေဆုံးရသည့် ပြည်သူမှာ အသက် ၃၉ နှစ်အရွယ် ဦးလွင်လန်ထမ် ဖြစ်ပြီး ကလေး ၃ ဦး၏ ဖခင်ဖြစ်ကြောင်း၊ မိုင်းကြောင့် ခြေထောက်နှစ်ဖက် ပြတ်ထွက် ဒဏ်ရာနှင့် သေဆုံးခဲ့ခြင်း ဖြစ်ကြောင်း ဒေသပြည်သူများက ပြောဆိုသည်။
“ဦးလွင်လမ်ထန်း အသက် ၃၉ နှစ်၊။ ရုပ်အလောင်းကို ရဲခွေး စစ်ခွေးတွေက လူနာတင်ကားနဲ့ လာသယ်သွားတယ်” ဟု ဒေသပြည်သူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ပြောပြသည်။
မိုင်းပေါက်ကွဲခဲ့သည့် နေရာတစ်ဝိုက်သည် အကြမ်းဖက် စစ်သားများ လှုပ်ရှားသွားလာလေ့ရှိပြီး ထိကွဲ ၊ နင်းမိုင်း၊ တိုက်မိုင်းများသည် အကြမ်းဖက်စစ်တပ် အသုံးပြုလေ့ရှိသည့် မိုင်းများ ဖြစ်ကြောင်း၊ ပြည်သူများအနေနှင့် စစ်တပ်နှင့် ဝေးဝေးနေရန်နှင့် ဖုံးအုပ်ထားသည့် အထုပ်များရှိရာ နေရာသို့ သွားလာသည့်အခါတွင်လည်း မသင်္ကာစရာအနေအထားနှင့် ပစ္စည်းများ တွေ့ပါက ကောက်ယူကြည့်ရှုကိုင်တွယ်ခြင်း မလုပ်ကြရန် သတိပေးလိုကြောင်း တော်လှန်ရေးရဲဘော်များက ပြောကြားသည်။