စစ်ကိုင်းတိုင်း၊ ကလေးမြို့၊ မြောင်းဆုံရွာကို အကြမ်းဖက် စစ်တပ်က လက်နက်ကြီးများ ဖြင့် ပစ်ခတ်ခြင်းကြောင့် နေအိမ် ၁ လုံး ထိမှန် ပျက်စီးခဲ့ကြောင်း ဒေသပြည်သူများက ပြောဆိုသည်။
စက်တင်ဘာလ ၃၀ ရက်နေ့တွင် ကလေးမြို့၊ မြောင်းဆုံကျေးရွာကို အကြမ်းဖက် စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်း မရှိဘဲ လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်းကြောင့် ပြည်သူပိုင် နေအိမ် ၁ လုံး ပျက်စီးခဲ့ကြောင်း သိရသည်။
“၈၀ မမ ကျတာ လက်နက်ကြီးက တောင်ဖီလာကရော ၊ မြို့ထဲကရော ၊ မွန်ထာအမှတ် ၇ ထဲက အခုခြေကုတ်ယူနေတဲ့ ၃ ထပ်တိုက်ကနေရော ထုတာ။ ခွေးတွေက ထုရင် ပတ်ရမ်းထုတာလေ အဲဒါကြောင့် ဘယ်က ထုတယ်ဆိုတာ အတိအကျ မသိရသေးဘူး” ဟု ဒေသပြည်သူတစ်ဦးက ပြောကြားသည်။
အကြမ်းဖက် စစ်တပ်၏ လက်နက်ကြီး ၊ လက်နက်ငယ်များဖြင့် ပစ်ခတ်မှုကြောင့် လက်ရှိချိန်တွင် မွန်ထာရွာ၊ အင်တိုင်းကုန်းရွာနှင့် စက္ကန့်ရွာမှ ပြည်သူများသည် ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင် နေရကြောင်း၊ အကြမ်းဖက် စစ်တပ်က မွန်ထာရွာထဲတွင် စက်တင်ဘာ ၂၆ ရက်နေ့မှ စ၍ ခြေကုတ်ယူထားပြီး ပြည်သူများကို ကျေးရွာအတွင်း ပြန်လာခြင်း မပြုလုပ်ရန် ခြိမ်းခြောက်ပြောဆိုထားကြောင်း သိရသည်။
“၂၆ ရက်နေ့က အင်အားအထိုင်လာချပြီး အနားပတ်လည်က ပြည်သူတွေကို ရှောင်ခိုင်းတယ်။ ဘယ်တော့မှ ပြန်မလာဖို့ ခြိမ်းခြောက်ပြောဆိုပြီး မွန်ထာရွာထဲမှာ စစ်ခွေးတွေ တပ်စွဲထားတယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။