စစ်ကိုင်းတိုင်း၊ ကလေးမြို့၊ သာစည်ရွာရှိ ဘက ကျောင်းကို အကြမ်းဖက် စစ်တပ်က လက်နက်ကြီးဖြင့်ပစ်ခတ်မှုကြောင့် ကလေးငယ် ၁ ဦးသေဆုံးကာ ပြည်သူ အများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသ ပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောကြားသည်။
ယနေ့ ဇွန်လ ၁၆ ရက် နံနက်ပိုင်းမှ စတင်ပြီး ကလေးမြို့တွင်းရှိ အမြောက်တပ်နှင့် ကလေးမြို့ တောင် ဘက်အထွက်ရှိ စစ်တပ် ဂိတ်အတွင်းမှ သာစည်ကျေးရွာအတွင်းသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက် ခိုက်ခဲ့ရာ ကလေးများစာသင်နေသည့် ဘက ကျောင်းပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ပြီး ကလေးတစ်ဦး ဗိုက် ပွင့်ထွက်သေဆုံးကာ ၂ ဦးအပြင်းအထန်ဒဏ်ရာရရှိပြီး အခြားပြည်သူများလည်း ထိခိုက်ဒဏ်ရာရရှိ မှုရှိ ခဲ့ကြောင်း သိရသည်။
“ရွာထဲက ကျောင်းဖွင့်နေတဲ့ ဘကကျောင်းကို ကျတာ၊ ကလေး ၃ ယောက်ထိတယ်၊ တစ်ယောက်က အူထွက်ပြီး ဆုံးသွားပြီ၊ လူကြီးတွေရော အထိအခိုက်များတယ်၊ မနက်ပိုင်းကတည်းက ထုနေတာ၊ ၇ လုံး၊ ၈ လုံးလောက်ရှိတယ်၊ အရေအတွက်အတိအကျ မမှတ်မိတော့ဘူး၊ ရွာထဲကို စစ်ခွေးတွေ ဝင်လာသေး တယ်၊ ဘကကျောင်းရှေ့မှာလဲ သေနတ်တွေနဲ့ ပစ်သွားသေးတယ်၊ အခုတော့ ရွာထဲမှာ မရှိတော့ဘူး၊ ထမင်းဆိုင်ကတော့မီးလောင်သွားတယ်၊ တခြား ထိခိုက်ပျက်စီးမှုတော့ မသိရသေးဘူး” ဟု ကလေးမြို့ နယ်တွင်နေထိုင်သူ ပြည်သူတစ်ဦးက ရန်ကုန် ခေတ်သစ်သတင်းဌာနထံသို့ပြောကြားသည်။
အကြမ်းဖက်စစ်တပ်မှ ပစ်ခတ်သော လက်နက်ကြီးကျည်ထိခိုက်ပြီး သာစည်ရွာအတွင်းရှိ မိသားစု ထမင်းဆိုင်၊ အရက်ဆိုင်မီးလောင်ပျက်စီးခဲ့ကြောင်း၊ ကျောင်းဖွင့်ထားသော ဘက ကျောင်းအပါအဝင် နေအိမ်များ ထိခိုက်ပျက်စီးမှုရှိပြီး အရေအတွက်အတိအကျမသိရသေးကြောင်း၊ နံနက် ၁၀ နာရီ ၅၀ မိနစ်တွင် ကလေးမြို့အမြောက်တပ်မှ လက်နက်ကြီး တစ်လုံး၊ ၁၁ နာရီတွင် တစ်လုံး၊ ၁၁ နာရီ ၁၄ မိနစ် တွင် တစ်လုံး၊ ၁၁ နာရီ ၁၅ မိနစ်တွင် တစ်လုံးနှင့် ၁၁ နာရီ ၄၃ မိနစ်တွင် တစ်လုံးထုနေကြောင်း သိရ သည်။