စစ်ကိုင်းတိုင်း၊ကလေးမြို့နယ်မှာ နေရပ်ပြန်စစ်ရှောင်တွေထဲက အိမ်ထောင်စုစာရင်းမပြနိုင်တဲ့သူတွေကို စစ်ကောင်စီလုံခြုံရေးတွေက ဖမ်းဆီးပြီး ငွေကြေးတောင်းခံတဲ့ဖြစ်စဉ်တွေရှိတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
ကလေးမြို့၊ သာစည်ကျေးရွာမှာနေထိုင်တဲ့ ဒေသခံစစ်ဘေးရှောင်တွေကို မိမိတို့ နေရပ်သို့ ပြန်လည်နေထိုင်ရင် အိမ်ထောင်စုစာရင်းပြရမယ်လို့ စစ်ကောင်စီဘက်က သတ်မှတ်ထားပြီး မပြနိုင်တဲ့သူတွေကို ဖမ်းဆီးပြီး ငွေကြေးတောင်းခံတာလို့ ဆိုပါတယ်။
” သာစည်ရွာမှာနေတဲ့သူတွေ အိမ်ပြန်ချင်ရင် ပြကြရတာ ၊ ဟိုတစ်နေ့ကတောင် အိမ်ထောင်စုစာရင်း မပြနိုင်လို့ တစ်ယောက်ဖမ်းခံရတာ နှစ်သိန်းနဲ့ ပြန်ရွေးလာရတယ် ” လို့ သာစည်ကျေးရွာ ဒေသခံတစ်ဦးက DNA ကိုပြောပါတယ်။
သာစည်ကျေးရွာမှာ အဲဒီလိုဖြစ်စဉ်တွေ သုံးလေးခုခန့်ရှိတယ်လို့လည်း ဆိုပါတယ်။
ပြီးခဲ့သည့် စက်တင်ဘာလဆန်းကစပြီး စစ်ကောင်စီတပ်တွေနဲ့ တော်လှန်ရေးအင်အားစုတွေကြား သာစည်ကျေးရွာ အနီးတစ်ဝိုက်မှာ မကြာခဏဆိုသလို တိုက်ပွဲတွေဖြစ်ပွားခဲ့လို့ ဒေသခံတွေဟာ စစ်ရှောင်ခဲ့ရပါတယ်။
အိမ်ခြေတထောင်ဝန်းကျင်ရှိတဲ့ ကျေးရွာကြီးဖြစ်တဲ့ သာစည်ရွာကစစ်ရှောင်သူ သုံးထောင်ကျော်ရှိခဲ့ပါတယ်။
အခုအချိန်မှာ တိုက်ပွဲမဖြစ်တော့လို့ စစ်ရှောင်တွေဟာနေရပ်ပြန်လည်ဝင်ရောက်တာဖြစ်ပြီး စစ်ကောင်စီတပ်တွေကတော့ တောလမ်းကို အသုံးပြုကာ ပြန်ခွင့်မပေးတော့ဘဲ ကတ္တရာလမ်းမကြီးကအတိုင်းသာ ပြန်ခွင့်ပြုတာ ဖြစ်ပါတယ်။
ဒါ့အပြင် ကျေးရွာထဲရှိနေအိမ်ကို ပြန်လည်နေထိုင်မယ်ဆိုရင် အိမ်ထောင်စုစာရင်းနဲ့ ပြန်လည်သယ်ယူလာတဲ့ ပစ္စည်းစာရင်းတင်ပြကြရတာဖြစ်ပြီး မပြနိုင်ရင် ဖမ်းဆီးကာ ကျပ်နှစ်သိန်းနှုန်းနဲ့ ပြန်ရွေးကြရတယ်လို့ သိရပါတယ်။
တော်လှန်ရေးအင်အားစုတွေနဲ့တိုက်ပွဲဖြစ်ပွားတဲ့ကာလအတွင်း စစ်ကောင်စီတပ်တွေနဲ့ ပျူစောထီးတပ်ဖွဲ့တွေ ဟာ သာစည်ကျေးရွာက နေအိမ်တွေကို မီးရှို့ဖျက်ဆီးတာတွေလည်းရှိခဲ့တယ်လို့ ဒေသခံတွေက ပြောကြပါတယ်။