စစ်ကိုင်းတိုင်း၊ ကလေးဝမြို့နယ် စခန်းကြီးရွာတိုက်ပွဲအတွင်း စစ်အုပ်စုရဲ့ ထောက်ပို့ယာဥ်တန်းကို ပြည်သူ့ ကာကွယ်ရေးတပ်မတော်(PDF)ဘက်မှ ကြားဖြတ်တိုက်ခိုက်ရာ စစ်ကားကြီးနှစ်စီး မီးလောင်ပျက်စီးခဲ့ကာ (၆၀မမ) စိန်ပြောင်းတစ်လက် အပါအဝင် လက်နက်ခဲယမ်းအများအပြား သိမ်းဆည်းရမိတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က သတင်းထုတ် ပြန်ပါတယ်။
ဇွန်(၁၆)ရက် နံနက်ပိုင်းမှာ ကလေးဝမြို့မှ မင်းကင်းမြို့နယ်သို့ ယာကြီးလမ်းအတိုင်းထွက်လာတဲ့ ကျီးကုန်း အခြေစိုက် ခမရ(၃၆၂)မှ စစ်သားနဲ့ ပျူစောထီး အင်အား(၁၃၀)ခန့်ဟာ လက်နက်၊ ရိက္ခာတွေကို Fawကားကြီး သုံးစီးပေါ် တင်ဆောင်ပြီး လိုက်ပါလာခဲ့ပါတယ်။
စစ်အုပ်စု ယာဥ်တန်းကို စခန်းကြီးရွာအနီးအရောက်မှာ ကလေးခရိုင်(PDF)တပ်ရင်း(၉)က ကြားဖြတ်တိုက်ခိုက်ခဲ့ ရာ တိုက်ပွဲအတွင်း PDFတွေဘက်မှ ထိခိုက်မှုမရှိဘဲ စစ်အုပ်စုရဲ့ Faw ကားကြီးနှစ်စီးကို မီးရှို့ဖျက်ဆီးလိုက်နိုင်ပြီး လက်နက်မျိုးစုံ ကိုပါ သိမ်းဆည်းနိုင်ခဲ့တယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာန၊ စစ်ရုံးချုပ်က သတင်းထုတ်ပြန်ပါ တယ်။
စစ်အုပ်စုရဲ့ (MA-11) နဲ့ (G-3) သေနတ်နှစ်လက်စီ၊ ကျည်ဘောက်များ၊ စက်သေနတ် (MG-3) တစ်လက်နဲ့ လက်နက်ငယ်မျိုးစုံ၊ (၆၀မမ) တာဝေးပစ် စိန်ပြောင်း တစ်လက်နဲ့ ဗုံးသီးတွေ၊ RPG ထိပ်ဖူး ငါးလုံး၊ အီနာဂါဗုံးသီး ငါးလုံး၊ နင်းမိုင်းတွေအပါအဝင် လက်ပစ်ဗုံးအလုံး(၃၀)ကျော်နဲ့ ဒရုန်းဖျက် Jammer တစ်လုံးတို့ကို ပြည်သူ့ကာကွယ် ရေးတပ်မတော်(PDF)ဘက်က သိမ်းဆည်းနိုင်ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
တိုက်ပွဲအတွင်း စစ်အုပ်စုဘက်က ထိခိုက်သေဆုံးမှုကို စိစစ်နေဆဲဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ဘက်မှ ထိခိုက်မရှိဘဲ ဆုတ်ခွာနိုင်ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။