မဘိမ်းမြို့ကို KIAနှင့်ပူးပေါင်းတပ်များကတိုက်ခိုက်သိမ်းယူပြီးနောက် စစ်ကောင်စီက ခံစစ်ပြင်ဆင်ထားသည့် ကသာနှင့်မဘိမ်းကြားရှိ ငါးအိုးရွာမှ စစ်ကောင်စီ၏ ခြေလျင်တပ်ရင်း -ခလရ(၁၂၁) ကို ပူးပါင်းတပ်များက ယနေ့ နံနက်ထိုးစစ်ဆင်တိုက်ခိုက်နေသည်။
“ရွှေလီတံတားမှာလည်းချတယ်။ ငါးအိုးတပ်ထဲလည်းချတယ်။ အသေးစိတ်ကို မသိရသေးပေမယ့် KIA နဲ့ ပူးပေါင်းအဖွဲ့တွေက ချတာ” ဟု ဒေသခံတစ်ဦးကပြောသည်။
ခလရ(၁၂၁)ကို KIAဦးဆောင်သည့် ပူးပေါင်းတပ်များက တိုက်ခိုက်နေခြင်းဟု ကသာမြို့မှ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးကပြောသည်။
“သူတို့က တပ်ထဲကနေ အရင်လိုမထွက်နိုင်တော့ဘူး။ ဒါကြောင့် မကြာခင်မှာ အကုန်သိမ်းနိုင်တော့မှာလို့ ယူဆလို့ရတယ်” ဟု ကာကွယ်ရေးရဲဘော်တစ်ဦးကပြောသည်။
ငါးအိုးရွာသည် စစ်ကိုင်းတိုင်း၊ ကသာမြို့နှင့် နီးသည်။ ရှမ်းပြည်နယ် မြောက်ပိုင်းမှ မဘိမ်းမြို့ကို KIA ၊ KPDF ၊ ABSDF နှင့် PDF ပူးပေါင်းတပ်က ဇန်နဝါရီလ ၁၉ ရက်နေ့မှ စတင်၍ တိုက်ခိုက်ခဲ့ကြပြီး ဇန်နဝါရီလ ၂၁ရက်နေ့ နံနက်တွင် သိမ်းပိုက်နိုင်ခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ်တပ်ဦး(ABSDF) က သတင်းထုတ်ပြန်ထားသည်။
ထို့နောက် စစ်ကောင်စီတပ်က ငါးအိုးရွာမှ ခလရ(၁၂၁)တပ်ရင်း၌ လက်နက်ကြီးအများအပြားတပ်ဆင်ပြီး ခံစစ်ပြင်ဆင်ထားသည်။ မဘိမ်းမြို့နယ်တွင် စစ်ကောင်စီဌာနဆိုင်ရာရုံးများ မရှိတော့သော်လည်း စစ်ကောင်စီကဖေဖော်ဝါရီလ၂၈ရက်နေ့တွင် စစ်အုပ်ချုပ်ရေးကြေညာခဲ့သည်။
“မဘိမ်းကို KIA သိမ်းထားတာ မင်းအောင်လှိုင်ကမသိလို့ စစ်အုပ်ချုပ်ရေးထကြေညာတာဖြစ်မယ်” ဟု ဒေသခံတစ်ဦးကပြောသည်။
ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကချင်ပြည်နယ်နှင့် စစ်ကိုင်းတိုင်းထိစပ်ဒေသများ၌ စစ်ရေးတင်းမာလာနိုင်သည့်အခြေ အနေကို ကြိုတင်သတိပြုရန် ကသာမြို့နယ်ပြည်သူ့အုပ်ချုပ်အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။