စစ်ကိုင်းတိုင်း၊ ကသာမြို့ အဝင်အထွက်ရှိ စစ်ကောင်စီစစ်ဆေးရေးဂိတ်ကို ယနေ့နံနက် ၆ နာရီဝန်းကျင်တွင် ကသာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ဒရုန်းဖြင့် ဗုံးချတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် အရပ်သားထိခိုက်သူများရှိကြောင်း သိရသည်။
စစ်ကောင်စီ စစ်သား၊ ရဲနှင့် ပျူစောထီးအဖွဲ့ဝင်များ အထိုင်ချသည့် စစ်ဆေးရေးဂိတ်အနီး ဒရုန်းဖြင့် ဗုံးလေးလုံးချပြီး တိုက်ခိုက်ခံရသည့်အတွက် ကင်းစောင့်နေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ဖြတ်သွားဖြတ်လာ အရပ်သား ထိခိုက်ခံရသူများရှိသည်ဟု ကသာဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။
“ဖြတ်သွား၊ ဖြတ်လာထိတာ။ ဂိတ်ကလူလည်း ထိပါတယ်။ ဗုံးကတော့ ဂိတ်ဘေးတည့်တည့်ကျတာပဲ။ သွေးရော၊ အသားစတွေရော မြင်ခဲ့ရပါတယ်”ဟု ပြောသည်။
ဗုံးချတိုက်ခိုက်ခံရပြီးနောက် ကသာမြို့အတွင်း စစ်ဆေးရေးတင်းကြပ်စွာ လုပ်ဆောင်ခဲ့ပြီး ကသာ (၃၀၉) စစ်ကောင်စီတပ်မှ လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့ကြောင်း အဆိုပါဒေသခံက ပြောသည်။
စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်ချန်နယ်ဖြစ်သည့် Fifty Two News တွင် ဦးစန်းဝင်း (ခ) ဖိုးချို၊ ဦးမျိုးဝင်းသိန်းနှင့် ဒေါ်ခင်သန္တာတို့မှာ ဒရုန်းဖြင့်ချသည့် ဗုံးစထိမှန်၍ ထိခိုက်ဒဏ်ရာများရရှိခဲ့ပြီး မန္တလေးဆေးရုံသို့ ပို့ဆောင်ခဲ့ရသည်ဟု ဖော်ပြထားသည်။
ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် ဩဂုတ်လ ၁၆ နေ့ကလည်း ကသာမြို့အဝင်ရှိ စစ်ကောင်စီစစ်ဆေးရေးဂိတ်တစ်ခုကို မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) က တိုက်ခိုက်ခဲ့သည့် ဖြစ်စဉ်လည်း ရှိခဲ့သည်။