စစ်ကိုင်းတိုင်း ကသာမြို့နယ်မှာ ဒီကနေ့ အောက်တိုဘာ ၂၈ ရက်နေ့ မွန်းလွှဲ ၂ နာရီလောက်မှာ ကာကွယ်ရေး တပ်ဖွဲ့တွေကို ထောက်ပံ့တယ်လို့ဆိုပြီး လင်းမယားနှစ်ယောက်ကို စစ်တပ်ကဖမ်းဆီးသွားတယ် လို့ဒေသခံတွေဆီကသိရပါတယ်။
ဖမ်းဆီးခံရတဲ့ လင်မယားဟာ ကသာမြို့ပေါ် ဇေယျာချောင် ရပ်ကွက် ၅ မှာနေထိုင်တဲ့ ဒေသခံတွေဖြစ်သလို သူတို့ကိုဖမ်းဆီးတဲ့အချိန် သေနတ်ရမ်းသမ်းပစ်ခတ်မှုတွေကြောင့် အရပ်သား၃ယောက်ထိခိုက်ဒဏ်ရာရရှိ ခဲ့တယ်လို့ ဒေသခံတစ်ယောက်ကပြောပါတယ်။
“ ဒီနေ့ပဲ မြို့ပေါ်မှာ ထောက်ပို့လင်မယားနှစ်ယောက်ဆိုပြီး ရဲတွေဖမ်းသွားပြန်တယ် ရပ်ကွက်ထဲမှာလည်း သေနတ်ကို တော်တော်ပစ်ဖောက်ပြီးဖမ်းတဲ့အနေအထားဆိုတော့ ရပ်ကွက်ထဲလည်းအထိတ်တလန့်ဖြစ်ပြီး တော့ ၃ယောက်လောက်လည်း ထိခိုက်ဒဏ်ရာရတယ်” လို့ပြောပါတယ်။
ဖမ်းဆီးခံရတဲ့လင်မယားဟာ အသက်၃၀ ကျော်ဝန်းကျင် အရွယ်တွေဖြစ်ကြပြီး စစ်ကောင်စီတပ်ဘက်က ကာကွယ်ရေးတပ်ကိုထောက်ပံ့တယ်လို့ဆိုပြီးဖမ်းဆီးသွားပေမဲ့ KNG ကသီးခြားအတည်ပြုနိုင်တာတော့ မရှိသေးပါဘူး။
တစ်ဖက်မှာလည်း ကသာမြို့ပေါ်ရပ်ကွက်နဲ့ ကျေးရွာတွေမှာရှိတဲ့ဌာနဆိုင်ရာအဆောက်အဦးတွေနဲ့ ဝန်ထမ်းနေအိမ်တွေမှာ ဖောက်ခွဲခံရတာတွေရှိနေတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ အောက်တိုဘာ ၂၇ ရက်စွဲနဲ့ စစ်ကောင်စီတပ်က ည ၁၀ နာရီကနေ မနက်၄နာရီအထိ ညမထွက်ရအမိန့် ပုဒ်မ ၁၄၄ ကို ထုတ်ပြန်ကြောင်း ကြေညာလိုက် ပါတယ်။
ဒါ့အပြင် အဲ့ဒီထုတ်ပြန်ချက်ထဲမှာ ကသာမြို့နယ်အတွင်း လူစုဝေးတာ၊ ဟောပြောတာ၊ လူအဖွဲ့လိုက် ယာဥ်တစ်မျိုးမျိုးကိုအသုံးပြုပြီး စီတန်းလှည့်လည်တာ၊ ဆန္ဒပြတာ တွေမလုပ်ဖို့ နဲ့ အများပြည်သူ တွေ နဲ့ ဆိုင်တဲ့နေရာတွေမှာလူစုလူဝေးမပြုလုပ်ဖို့ ဖော်ပြထားပါတယ်။
ပုဒ်မ ၁၄၄ ညမထွက်ရအမိန့်ထုတ်ပြန်ချက်နဲ့ ပတ်သက်လို့ ကသာဒေသခံအမျိုးသားတစ်ယောက်ကတော့
“ ဟုတ်တယ် သူတို့ ညမထွက်ရ၊ လူမစုရဆိုပြီး ၁၄၄ ထုတ်တယ်ဗျ ဟိုတုန်းက မာရှယ်လောထုတ်တဲ့ထဲ ကသာကမပါဘူး အခုမှပါတာပေါ့ အခုလိုထုတ်တာက ဒီရှမ်းပြည်မြောက်ပိုင်းဖြစ်စဥ်တို့ ကော့ကရိတ် ဖြစ်စဥ်တို့နဲ့ယှဥ်ပြီးတော့ တစ်နိုင်ငံလုံးရဲ့မြို့အတော်များများမှာ သူတို့ အထက်အမိန့်အရ ထုတ်တယ်လို့ လည်းထင်ပါတယ်”
ကသာမြို့နယ်အတွင်းမှာတော့ ညမထွက်ရအမိန့်မထုတ်ပြန်ခင်ကလည်း စစ်ကောင်စီတပ်ဘက်က မြို့တွင်း စစ်ဆေးရေးတင်းကြပ်တာတွေရှိသလို ညပိုင်း ၇နာရီလောက်ဆို အသွားအလာမရှိတော့တာကြာပြီဖြစ်တဲ့ကသာမြို့ပေါ် အခုလို ပုဒ်မ ၁၄၄ ထုတ်ပြန်တာဟာ ထူးခြားတဲ့ပြောင်းလဲမှုမရှိဘူးလို့ ဒေသခံတွေက သုံးသပ် ကြပါတယ်။