အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီး ဌာနက “တိုင်ကြားမှုများဆိုင်ရာကော်မတီ” ကို ဖွဲ့စည်းထားပြီး တိုင်ကြားလာမှုတွေကို စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်နေတယ်လို့ ဒီနေ့မှာ သတင်းထုတ်ပြန်ပါတယ်။
ထုတ်ပြန်ချက်ထဲမှာ တိုင်ကြားမှုများဆိုင်ရာကော်မတီအနေနဲ့ ကာကွယ်ရေးဝန်ကြီးဌာနအောက်မှာရှိတဲ့ တပ်ရင်း၊ တပ်ဖွဲ့များ၊ ဦးစီးဌာနများ၊ ကော်မတီများ၊ အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်တွေနဲ့ သက်ဆိုင်တဲ့ တိုင်ကြားမှုတွေကို ကော်မတီရဲ့ လုပ်ပိုင်ခွင့်၊ လုပ်ထုံးလုပ်နည်းတွေနဲ့အညီ စုံစမ်းစစ်ဆေး ဆောင်ရွက်နေတယ်လို့ အသိပေးဖော်ပြထားပါတယ်။
ကာကွယ်ရေးဝန်ကြီးဌာနအနေနဲ့ ပြည်သူလူထုရဲ့ အသက်၊ ဘဝနဲ့ ပုဂ္ဂလိက ပိုင်ဆိုင်မှုတွေကို နှောင့်ယှက်ဖျက်ဆီးခံရမယ့်အရေးကို ကာကွယ်နိုင်ရန်၊ ပြည်သူ့ခုခံစစ်နဲ့ ပြည်သူ့တော်လှန်ရေးကာလအတွင်း ပဋိပက္ခများ၊ အကြမ်းဖက်မှုများ၊ စစ်ဘက်ရာဇဝတ်မှုများကို စုံစမ်း၊ စစ်ဆေး၊ ကြားနာ၊ ဖော်ထုတ်နိုင်ဖို့ ၂၀၂၃ခုနှစ်၊ မေလ(၁) ရက်နေ့၊ အမိန့်ကြေညာချက်အမှတ် (၃၃/၂၀၂၃)နဲ့ “ တိုင်ကြားမှုများဆိုင်ရာကော်မတီ ” ကို ဖွဲ့စည်းခဲ့တာပါ။
ဒါ့အပြင် တရားဥပဒေများ၊ လုပ်ထုံး လုပ်နည်းတွေနဲ့ အညီ ဆက်လက်တရားစီရင်နိုင်ရေးအတွက် အထောက်အပံ့ ကာကွယ်ရေးဝန်ကြီးဌာနရဲ့ စီမံခန့်ခွဲမှု၊ တာဝန်ခံမှုယန္တရားတွေ ပိုမိုအားကောင်းလာစေဖို့ ရည်ရွယ်ပြီး ဖွဲ့စည်းခဲ့တာလို့ ဆိုပါတယ်။
တိုင်ကြားမှုများဆိုင်ရာကော်မတီက ပြည်သူ့ခုခံစစ်နဲ့ ပြည်သူ့တော်လှန်ရေးကာလ အတွင်း တရားမျှတမှုကို ဖော်ဆောင်နိုင်ဖို့နဲ့ ပြည်သူလူထုက တရားမျှတမှုကို ရရှိနိုင်တယ်လို့ ယုံကြည်လာနိုင်စေဖို့ ကဏ္ဍ(၄) ရပ်ကို ဦးတည်ဆောင်ရွက်နေတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ကော်မတီအနေနဲ့ တိုင်ကြားမှုတွေနဲ့ ပတ်သက်ပြီး လက်ခံစိစစ်ခြင်း၊ တိုင်ကြားမှုတွေကို ပဏာမစုံစမ်းစစ်ဆေးခြင်း၊ တိုင်ကြားမှုတွေနဲ့ပတ်သက်လို့ ညှိနှိုင်းဖြေရှင်း ပေးရန်လိုအပ်တာတွေကို အချိန်နဲ့တပြေးညီ ညှိနှိုင်းဖြေရှင်းနိုင်ဖို့ စီစဉ်ဆောင်ရွက်ခြင်း၊ တားမြစ်အမိန့်များ ထုတ်ပြန်နိုင်ဖို့ ကာကွယ်ရေးဝန်ကြီးဌာနကို အစီရင်ခံတင်ပြတာတွေကိုလည်း လုပ်ဆောင်နေတယ်လို့ဆိုပါတယ်။
ဆက်လက်ပြီး တိုင်ကြားမှု တွေနဲ့ ပတ်သက်ပြီးတော့လည်း သက်ဆိုင်ရာဝန်ကြီးဌာနများ၊ ကော်မတီ၊ ကော်မရှင်အဖွဲ့တွေနဲ့ ချိတ်တွဲ ဆောင်ရွက်ခြင်း၊ အမှုများကို ဆက်လက်ကြားနာစစ်ဆေးနိုင်ရန် သက်ဆိုင်ရာဌာနများ၊ ကော်မတီ များ၊ ကော်မရှင်များ ၊ အဖွဲ့များနဲ့ စီရင်ပိုင်ခွင့်ရှိတဲ့ တရားရေးဌာနတွေကို စနစ်တကျလွှဲပြောင်း ပေးခြင်း စတာတွေကိုလည်း ဆောင်ရွက်နေတယ်လို့ ဖော်ပြထားပါတယ်။