ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ကာမိုင်းမြို့ လွယ်ဆိုင်ရွာအနီးရှိ အကြမ်းဖက် စစ်တပ်၏ လွယ်ဆိုင် တာဝါတိုင်စခန်း မှ အင်အား ၂၀ ခန့်ရှိ အကြမ်းဖက် စစ်သားများ စခန်းကို စွန့်ခွာထွက်ပြေးကာ ကာမိုင်းမြို့ ဗျုဟာကုန်းကို သွားရောက် ပူးပေါင်းနေကြောင်း ဒေသတွင်းစစ်ရေး သတင်းရင်းမြစ်က ပြောဆိုသည်။
ဧပြီလ ၁၆ ရက်နေ့ ညနေ ၃ နာရီအချိန်ခန့်တွင် ကာမိုင်းမြို့၊ လွယ်ဆိုင်ရွာအနီးရှိ စစ်စခန်းမှ အကြမ်းဖက် စစ်သားများသည် မြို့သိမ်းတိုက်ပွဲဖြစ်ပွားမည်ကို စိုးရိမ်၍ စခန်းကို စွန့်ခွာထွက်ပြေးကာ ကားမိုင်းမြို့ ဗျူဟာကုန်းရှိ အကြမ်းဖက် စစ်သားများနှင့် သွားရောက် ပူးပေါင်းခြင်း ဖြစ်ကြောင်း၊ ကာမိုင်းမြို့ ဗျူဟာကုန်းရှိ အကြမ်းဖက် စစ်သားများသည် မြို့သိမ်းတိုက်ပွဲအတွက် ခံစစ်ပြင်ဆင်နေကြကြောင်း သိရသည်။
“အခု နေရာက KIA တပ်မဟာ ၉ တပ်ရင်း ၄၄ နယ်မြေပေါ့။ လွန်ခဲ့တဲ့အပတ်ကပဲ နန့်ယားစစ်ကောင်စီစခန်းကို သိမ်းလိုက်ပြီဆိုတော့ အဲနားတစ်ဝိုက်က မယ်ဆိုင်းစခန်းတွေလည်း ထွက်ပြေးသွားကြတာပေါ့။ ကာမိုင်းမြို့မှာတော့ စစ်ကောင်စီက ခံစစ်ပြင်နေတာပေါ့”ဟု ဒေသတွင်း စစ်ရေးသတင်းရင်းမြစ်က ပြောဆိုသည်။
ကာမိုင်းမြို့ရှိ ပြည်သူများသည်လည်း တိုက်ပွဲများ ဖြစ်ပွားလာနိုင်သောကြောင့် မြို့ကို စွန့်ခွာ ထွက်ပြေးနေကြကြောင်း ဒေသတွင်း စစ်ရေး သတင်းရင်းမြစ်က ဆက်လက်ပြောဆိုသည်။