ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကရင်နီပြည်အစပ်၊ ဖယ်ခုံမြို့နယ် အရှေ့ဘက်ကမ်း၊ ကာလဖက်ဒရယ် စာသင်ကျောင်းမှာ ကျောင်းသားဦးရေ တိုးလာတဲ့အတွက် အထက်တန်းပြဆရာ ၂ ဦး လိုအပ်နေတယ်လို့ ကျောင်းကော်မတီဝင်တွေဆီက သိရပါတယ်။
အရင်က ကျောင်းသားဦးရေ ၁၁၂ ဦးနဲ့ ဆရာဦးရေ ၁၃ ဦးသာရှိခဲ့ရာက ၂၀၂၄ ခုနှစ် စာသင်နှစ်အတွင်းမှာ နယ်မြေအေးချမ်းမှုကြောင့် ၁၅၀ အထိတိုးလာပြီး ရူဗဗေဒနဲ့ ဓါတုဗေဒ သင်ပေးနိူင်မယ့် ဆရာတွေ လိုအပ်လာတာလို့ဆိုပါတယ်။
ကျောင်းတာဝန်ခံ တစ်ဦးက “ကျောင်းသားဦးရေက ထပ်တိုးလာနိုင်သေးတယ်။ လုံခြုံရေးက ပုံမှန်ဖြစ်ပြီလို့ ပြောလို့ရတယ်။ တိုက်ပွဲသံတွေကတော့ အဝေးကနေကြားနေရသေးတယ်။ အန္တရာယ်ကတော့ မရှိတော့ပါဘူး။ အခုမှဖွင့်တာမကြာသေးဘူးဆိုတော့ ကျောင်းသားဦးရေတိုးဖို့ပဲ ရှိတယ်” လို့ ပြောပါတယ်။
လတ်တလောမှာ Grade 11 ထိသာဖွင့်လှစ်ထားနိုင်ပေမယ့် အလျူရှင်နဲ့ ဆရာအင်အား များလာရင်တော့ Grade 12 အထိ တိုးချဲ့ ဖွင့်လှစ်နိုင်ဖို့ ရည်ရွယ်ထားတယ်လို့ သိရပါတယ်။
လက်ရှိ သင်ကြားပေးနေတဲ့ ဆရာတွေဟာ CDM ဝန်ထမ်းတွေအပြင် စေတနာ့ဝန်ထမ်းတွေ (Volunteer) တွေလည်း ပါဝင်ပြီး စစ်ဘေးရှောင် ကျောင်းသားမိဘတွေက ထောက်ပံ့ကြေးအဖြစ် လစဥ် လစာ ၂ သိန်းနဲ့ ဆန်၊ ဆီ ပေးအပ်တယ်လို့ ဆိုပါတယ်။
ကာလဖက်ဒရယ်ကျောင်းဟာ ကိုယ်ထူကိုယ်ထနဲ့သာ ရပ်တည်နေရပြီး ဒီနေ့အထိ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)ရဲ့ ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC) တို့ရဲ့ ထောက်ပံ့မှု တစ်ကြိမ်တစ်ခါမျှ မရရှိသေးဘူး လို့ ကျောင်းတာဝန်ရှိသူတွေဆီက သိရပါတယ်။
ဖယ်ခုံမြို့နယ်အပါအဝင် ကယန်းဒေသမှာ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ ပညာရေးဝန်ကြီးဌာန (MOE)၊ ကယန်းအမျိုးသားပညာရေးကော်မတီ (KNEC)၊ ကယန်းမျိုးဆက်သစ်လူငယ် (KNGY)တို့ ဖွင့်လှစ်ထားကြတဲ့ ကိုယ်ထူကိုယ်ထစာသင်ကျောင်းပေါင်း ၁၀၀ ကျော်ရှိပြီး ကျောင်းသားဦးရေ ၅၀၀၀ ကျော်အထိ ရှိပြီလို့ စာသင်ကြားပေးနေတဲ့ CDM ဆရာတွေက ပြောပါတယ်။