အမေရိကန် ဒေါ်လာ တစ်သိန်းခွဲ (မြန်မာငွေ ကျပ်သိန်းပေါင်း ၄,၅၀၀ ) ရရှိဖို့ ရည်ရွယ်တဲ့ “အဲဒိုပေါ်မီ (ဒီးကူ) မိစ္ဆာနှင်ပွဲ” ကမ်ပိန်းကို ပြည်သူလူထု ဝိုင်းဝန်းကူညီပေးကြဖို့ ကရင်နီ အမျိုးသားများ ကာကွယ်ရေးတပ်-KNDF ဥက္ကဋ္ဌ ခွန်းဘီထူးက မေတ္တာရပ်ခံ တိုက်တွန်း ပြောဆိုလိုက်ပါတယ်။
ဒရုန်းတွေရဲ့ ထိရောက်မှုကြောင့် တိုက်ပွဲတွေမှာ မဖြစ်မနေ အသုံးပြု တိုက်ခိုက်နိုင်ဖို့ လိုအပ်ပြီး ဒရုန်း တိုက်ခိုက်မှုဟာ အဆုံးအဖြတ်ပေးနိုင်တဲ့ အရာ ဖြစ်တဲ့အတွက် ဒီဒေါ်လာတစ်သိန်းခွဲကို ဝိုင်းရှာ ဝိုင်းကူညီကြဖို့ တိုက်တွန်းတာလို့ KNDF ဥက္ကဋ္ဌက ဆိုပါတယ်။
“အဲ့တော့ အဲ့ဒီဟာတွေကို ပြည်သူလူထုဖက်ကနေ ပြီးမှလည်း ဆက်ပြီးတော့ ထည့်ဝင်ကူညီကြပါဦး။ အထူးသဖြင့် ဒီဒေါ်လာတစ်သိန်းခွဲ ပမာဏရှိတဲ့ ထည့်ဝင်တဲ့ ငွေတွေက ကျွန်တော်တို့ ဒရုန်းအစီး ၂၀ နဲ့အထက် ကျွန်တော်တို့ အများဆုံး ကိုယ်တိုင်ထုတ်ပြီးမှ တစ်ချို့ဟာတွေက အပိုပစ္စည်းတွေကို ဝယ်နိုင်ဖို့အတွက် အကူအညီပေးဖို့ အထူးတလည် တောင်းဆိုပါတယ်” လို့ ခွန်းဘီထူးက ပြောပါတယ်။
“အဲဒိုပေါ်မီ (ဒီးကူ) မိစ္ဆာနှင်ပွဲ” ကမ်ပိန်းဟာ မောင်းသူမဲ့ ဒရုန်းတွေ အများအပြား ထုတ်လုပ်ဖို့ ရွည်ရွယ်တာ ဖြစ်ပြီး ထုတ်လုပ်မှု အတွက် လိုအပ်နေတဲ့ ဒေါ်လာတစ်သိန်းခွဲ တစ်လအတွင်း ရရှိဖို့ ရည်ရွယ်တာ ဖြစ်ပါတယ်။ ကမ်ပိန်း ကာလကိုတော့ ဇွန်လ ၂၅ ရက်မှ ဇူလိုင်လ ၃၀ ရက်အထိ သတ်မှတ်ထားပါတယ်။
လက်ရှိ Long Range Fixed Wing UAVs တွေကို ပြည်ပ ပညာရှင်တို့ရဲ့ အကူအညီနဲ့ သုတေသန လုပ်ငန်းများ အောင်မြင်စွာ ဆောင်ရွက်ပြီးစီးပြီး စတင်ထုတ်လုပ်နေပြီ ဖြစ်တယ်လို့ KNDF-UAV က ထုတ်ပြန်ထားပါတယ်။
ဒါကြောင့် ဒရုန်းထုတ်လုပ်ဖို့ KNDF မှာ နည်းပညာ အဆင့်သင့်ရှိပြီ ဖြစ်တဲ့အတွက် လိုအပ်တဲ့ ပစ္စည်းကို ကူညီပေးဖို့ KNDF ဒုတိယ စစ်ဦးစီးချုပ် ကိုမာဝီ ကလည်း တိုက်တွန်းထားပါတယ်။
“အဲ့ဒီ အတွက်ကြောင့်မို့လို့ ကျွန်တော်တို့ဖက်မှာ ကြည်းကြောင်းလည်း အဆင်သင့်ရှိတယ်။ နည်းပညာလည်း အဆင်သင့်ရှိတယ်။ လိုအပ်တဲ့ ပစ္စည်းနဲ့ ပြည်သူ အားပေးမှုနဲ့ ပူးပေါင်းလိုက်မယ်ဆိုရင် ကျွန်တော်တို့ ဒီပြည်တော်ကြီးမှာ ကျွန်တော်တို့ တော်လှန်ရေး အောင်ပွဲက မကြာခင်မှာ မြင်တွေ့ရပါလိမ့်မယ်” လို့ ကိုမာဝီက ပြောပါတယ်။
ဒီကမ်းပိန်းကို KNDF တပ်ဖွဲ့ရဲ့ မောင်းသူမဲ့ လေယာဉ် KNDF-UAV ဌာနမှ လုပ်ဆောင်နေတာဖြစ်ပြီး စစ်ကောင်စီရဲ့ ရန်ကြောင့် ဒီးကူပွဲကို ဒေသတိုင်းမှာ မလုပ်နိုင်ပေမယ့် ပွဲတော် အဓိပ္ပါယ်အတိုင်း ပွဲတော် ကာလ အတွင်း စစ်ကောင်စီကို နှင်ထုတ်နိုင်ဖို့ ရည်ရွယ်တယ်လို့ KNDF က ထုတ်ပြန်ထားပါတယ်။
အဲဒိုပေါ်မီ (ဒီးကူ) ပွဲဟာ ကရင်နီလူမျိုးများ နှစ်စဉ် သြဂုတ်၊ စက်တင်ဘာ၊ အောက်တိုဘာလတွေမှာ ပြုလုပ်လေ့ရှိတဲ့ မိစ္ဆာ၊ မကောင်းဆိုးဝါး ကျူးကျော်ရန်ကို နှင်ထုတ်ခြင်းလို့ အဓိပ္ပာယ်ဖွင့်ဆိုနိုင်တဲ့ပွဲ ဖြစ်ပါတယ်။
အဲ့ဒီပွဲရဲ့ အနှစ်သာရဖြစ်တဲ့ မိစ္ဆာ၊ မကောင်းဆိုးဝါး နှင်ထုတ်ခြင်းကို အစွဲပြုပြီး အခု ကမ်ပိန်းကို “အဲဒိုပေါ်မီ မိစ္ဆာနှင်ပွဲ” လို့ သတ်မှတ်တာ ဖြစ်တယ်လို့ KNDF-UAV ဌာနက ပြောပါတယ်။
ကရင်နီ အမျိုးသားရေး ဦးတည်ချက်တွေဖြစ်တဲ့ လွတ်လပ်မှု၊ တရားမျှတမှု၊ တန်းတူညီမျှမှုနဲ့ ကိုယ့်ကံကြမ္မာ ကိုယ်ဖန်တီးခွင့်တွေ ပါဝင်တဲ့ ကရင်နီ အိပ်မက်ကို လက်တွေ့ အကောင်အထည်ဖော်မယ်လို့ ကရင်နီ အမျိုးသားများ ကာကွယ်ရေးတပ်ဖွဲ့-KNDF က ကြွေးကြော်ထားပါတယ်။