စစ်ကိုင်းမြို့ ၊သာစည်ရပ်ကွက်ရှိ ရင်သွေးရတနာ ကိုယ်ပိုင်ကျောင်းကို စစ်ကောင်စီက မနေ့ညပိုင်းမှာ ချိတ်ပိတ်လိုက်တယ်လို့ ဒေသခံတွေ ထံကနေသိရပါတယ်။
ကျောင်းတည်ထောင်သူ အသက် ၆၀ ဝန်းကျင် အမျိုးသမီးကိုဖမ်းဆီးပြီး စက်တင်ဘာ ၂၂ ညပိုင်းမှာ ကျောင်းကိုပါ ချိတ်ပိတ်သွားတာပါ။
အဲဒီကျောင်းဟာ စစ်ကိုင်းတောင်ခြေအနီးမှာရှိပြီး ကျောင်းသား ၊ကျောင်းသူ ၄၀၀ ကျော် တက်ရောက်နေတဲ့ကျောင်းဖြစ်တယ်လို့ ကျောင်းသားမိဘတစ်ဦးကပြောပြပါတယ်။
စစ်ကောင်စီအားပေး တယ်လီဂရမ် အချို့မှာတော့ ကျောင်းတည်ထောင်သူ အမျိုးသမီးဟာ CDM ပြုလုပ်ဖို့ လူမှုကွန်ရက်မှာ လှုံဆော်တာ ၊NUG ရဲ့ အွန်လိုင်းစာသင်ကျောင်းမှာ သင်ကြားမှုပြုလုပ်တယ်ဆိုပြီး စွပ်စွဲထားပါတယ်။
ဒါအပြင် ကျောင်းတည်ထောင်သူအမျိုးသမီးကိုထောင်ဒဏ်နှစ်ရှည်ချလို့ရတဲ့ အကြမ်းဖက်ပုဒ် ၅၂ (က) နဲ့ တရားစွဲထားတယ်လို့ လည်း စစ်ကောင်စီအားပေး တယ်လီဂရမ်တွေက ဖော်ပြပါတယ်။
ပြီးခဲ့တဲ့ ရက်ပိုင်းကလည်း စစ်ကိုင်းမြို့ပေါ်က နာမည်ကြီးဖုန်းဆိုင်ပိုင်ရှင် အမျိုးသားကိုဖမ်းဆီးပြီး ဆိုင်ဖွင့်ထားတဲ့အဆောက်အဦးကိုပါ စစ်ကောင်စီက ချိတ်ပိတ်ခဲ့ပါသေးတယ်။