ကိုးကန့်တော်လှန်ရေး အိမ်ပြန်ခရီးနဲ့အတူ တအာင်းလူထုတွေရဲ့ နိုင်ငံရေးမျှော်မှန်းချက် အကောင်အတည်ဖော်နိုင်ပြီလို့ တအာင်း(ပလောင်)အမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) ဒုဗိုလ်ချုပ်ကြီး တာအိုက်ဘုန်း က ပြောကြားပါတယ်။
ကိုးကန့်ဒေသမှာ MNDAA ရဲ့ ဦးဆောင်တိုက်ပွဲဝင်မှုနဲ့အတူ ကိုးကန့်ဒေသတစ်ခုလုံး စစ်အာဏာရှင်စနစ်အောက်မှာ အလုံးစုံလွတ်မြောက်ရေးအောင်ပွဲ အခမ်းအနားမှာ TNLA ဥက္ကဌ ဒုဗိုလ်ချုပ်ကြီး တားအိုက်ဘုန်းတက်ရောက်ပြီး ထည့်သွင်းပြောကြားခဲ့တာပါ။
“ကိုးကန့်တော်လှန်ရေးခေါင်းဆောင်တို့ရဲ့ အိမ်ပြန်ခရီးနှင့်အတူ မိမိတို့ ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA အနေနဲ့လည်း မိမိတို့ တအာင်းလူမျိူးများ၏ နိုင်ငံရေးမျှော်မှန်းမှုရလဒ်ကို အပြည်အဝမဟုတ်သည့်တိုင် အများစုကိုတော့ တအာင်းမိဘပြည်သူရဲ့အိပ်မက်အား အကောင်အထည်ဖော်ပေးနိုင်ခဲပြီ ” လို့ ပြောပါတယ်။
ကိုးကန့်ဒေသလွတ်မြောက်ရေးတိုက်ပွဲကာလအတွင်းမှာ TNLA တပ်ဖွဲ့နဲ့ ညီနောင်မဟာမိတ်တွေက ဝန်းရံတိုက်ပွဲဝင်နိုင်ခဲ့ပြီး မဟာမိတ်သွေးစည်းညီညွတ်မှုကို သက်သေပြခြင်း၊ အမျိုးသားနိုင်ငံရေးပန်းတိုင် ခရီးရောက်ဖို့ရန် မလျှော့သောဇွဲ၊ ပျက်ပျယ်ခြင်းမရှိတဲ့ ခံယူချက်တွေ ယုံကြည်ချက်တွေ မဟာမိတ်အကြား နားလည်မှုရှိရှိ ဆက်လက်တိုက်ပွဲဝင်သွားကြရန် ဆက်လက်ပြောကြားခဲ့ပါတယ်။
ကိုးကန့်တွေရဲ့ အိမ်ပြန်လမ်းခရီး အောင်ပွဲ အခမ်းအနားကို ဖေဖော်ဝါရီလ ၉ ရက်နေ့ ပြုလုပ်ခဲ့ပြီး တရုတ်နှစ်သစ်ကူးနဲ့အတူ ပူးတွဲကျင်းပခဲ့ပါတယ်။
အခမ်းအနားကို TNLA ဥက္ကဌ ဒုဗိုလ်ချုပ်ကြီး တားအိုက်ဘုန်း၊ ဒုဥက္ကဌ (၂) ဗိုလ်မှူးချုပ် တားခူလန်း၊ မဟာမိတ်ဆက်ဆံရေးဌာနမှူး ဒုဗိုလ်မှူးကြီး တားမိုးဟိန်းနဲ့အတူ အရာရှိအရာခံ (၃၀)ကျော် တက်ရောက်ခဲ့ပါတယ်။