စစ်ကောင်စီတပ်ဖွဲ့စစ်ကြောင် နဲ့ ကိုးကန့်တော်လှန်ရေးတပ်ဖွဲ့ – MNDAA တို့ တိုက်ပွဲဖြစ်ပွားရာ စစ်ကောင်စီ စစ်ကြောင်းပြုတ်လုနီးပါးထိ ချေမှုန်းခံရပြီး လက်နက်ခဲယမ်းအများအပြားကိုလည်း သိမ်းဆည်းရမိခဲ့တယ်လို့ MNDAA က ဒီကနေ့မှာ ဓာတ်ပုံတွေနဲ့တကွ သတင်းထုတ်ပြန်လာပါတယ်။
မနေ့ အောက်တိုဘာ ၁၄ ရက်နေ့ နေ့လည် ၁၂ နာရီခန့်မှာ အင်အား ၃၀ ကျော်တဲ့ စစ်ကောင်စီရဲ့ စကခ ၁၂လက်အောက်ခံ တပ်ရင်း ၃၃၅တပ်ဖွဲ့ဟာ ဒေသခံတစ်ဦးကို လမ်းပြအဖြစ် ဖမ်းဆီးခေါ်ဆောင်ပြီး ကိုးကန့်ဒေသတွင်းရှိ MNDAA တပ်စခန်းတစ်ခုရှိတဲ့ဖက်ကို ထိုးစစ်ဆင်လာခဲ့ပါတယ်။
အဲ့ဒီ ထိုးစစ်ဆင်လာတဲ့ စစ်ကောင်စီစစ်ကြောင်းကို MNDAAက သတင်းအရ ၅ မီတာခန့်နီးကပ်တဲ့အထိ စောင့်ဆိုင်ပြီး MNDAA က စတင်တိုက်ခိုက်ခဲ့ကာ ညနေ ၃ နာရီအထိ တိုက်ပွဲဖြစ်ခဲ့တယ်လို့ MNDAA ကပြောပါတယ်။
တိုက်ပွဲအတွင်း ကိုးကန့်တပ်ကနေ အာဏာသိမ်းစစ်ကောင်စီတပ်ဖွဲ့ကို ပြင်းပြင်းထန်ထန် ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် အာဏာသိမ်းစစ်ကောင်စီတပ်ဖွဲ့မှ ၁၆ ဦးသေဆုံးပြီး ၇ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။
အဲ့ဒါအပြင် ကိုးကန့်(MNDAA) တပ်ဖွဲ့က စစ်ကောင်စီရဲ့ ရိုင်ဖယ် ၁၀ လက်၊ ၆၀ မမ ၁ လက် ၊ လက်ပစ်အမြောက် ၁ လက် ၊ ကျည်ဘောက် ၁၄ ခု ၊ ကျည်ဆန် ၂၁၈ တောင့် ၊ အသံလွှင့်စက် တစ်လုံး ၊ လက်ကိုင်ဖုန်း တစ်လုံး ၊ ဂြိုလ်တုဖုန်း တစ်လုံး နဲ့ အခြား ထောက်ပံ့ရေးပစ္စည်းတွေကို သိမ်းဆည်းရခဲ့တယ်လို့ MNDAAက ဓာတ်ပုံနဲ့တကွ ထုတ်ပြန်ထားပါတယ်။
တိုက်ပွဲဖြစ်ပွားမှုအတွင်း MNDAAကလိုက်လံ ပစ်ခတ်တာကြောင့် စစ်ကြောင်းပြုတ်ခုနီးပါးအထိ တိုက်ခိုက်ခံရတဲ့ အာဏာသိမ်းစစ်ကောင်စီတပ်ဖွဲ့မှ တပ်သားအချို့ ဟာ စစ်မြေပြင်မှ အထိတ် တလန့်ထွက်ပြေးခဲ့ရပြီး သေဆုံးသွားတဲ့ ၎င်းတို့ရဲ့ တပ်ဖွဲ့ဝင်အလောင်းတွေနဲ့ လက်နက်ခဲယမ်းတွေကိုပါ စွန့်ပစ်ထားခဲ့တယ်လို့ MNDAA ကပြောပါတယ်။