ကိုးကန့်ဒေသရှိ သံလွင်တံတား (တာပါးတံတား) ကို တိုက်ခိုက် သိမ်းပိုက်ခဲ့ပြီးနောက် ကိုးကန့်- မုံးကိုး ဆက်သွယ်ရေးလမ်း ပြန်ဖွင့်နိုင်ပြီလို့ ကိုးကန့် တပ်မတော်-MNDAA က ဒီကနေ့ ထုတ်ပြန်ပါတယ်။
ကိုးကန့်ခရိုင်၊ မန်လော်အုပ်စု၊ ရန်ခန့်ရွာရှိ သံလွင်တံတားကို နိုဝင်ဘာ ၆ ရက်ညနေမှာ စတင်တိုက်ခိုက်ခဲ့ပြီး နိုဝင်ဘာ ၇ ရက် မနက်မှာ သိမ်းပိုက်နိုင်ခဲ့ရာ စစ်ကောင်စီတပ်သား ၂ ဦးသေပြီး တစ်ဦး အရှင်ဖမ်းမိကာ ကျန်တပ်သားတွေ ထွက်ပြေးသွားတယ်လို့ ဆိုပါတယ်။
အရှည်မီတာ ၁၀၀ရှိတဲ့ အဆိုပါ သံမဏိကြိုးတံတားကို ၂၀၀၅ ခုနှစ်မှာ စစ်အစိုးရက ဆောက်လုပ်ခဲ့ပြီး တံတားဟာ သံလွင်မြစ်ကမ်း ၂ ဖက်ကို ဆက်သွယ်ထားကာ ကိုးကန့်နဲ့ မုံးကိုးခရိုင်၊ မိုင်ကျက်ဒေသကို ဆက်သွယ်ထားတဲ့ အဓိက လမ်းကြောင်း ဖြစ်တယ်လို့ အသိပေးပါတယ်။
‘၁၀၂၇ စစ်ဆင်ရေး’ ကာလတလျှောက် စစ်ကောင်စီ တပ်စခန်း အကြီး၊ အသေး ၁၂၀ ကျော် သိမ်းပိုက်နိုင်ခဲ့ရာ ကွမ်းလုံတံတားနဲ့ တာပါးတံတား (သံလွင်တံတား) စတဲ့ တံတားတွေနဲ့ အသေးစား လှေဆိပ်ကမ်းလည်း ပါဝင်ကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။