စစ်ကောင်စီနဲ့ ကိုးကန့် MNDAA တို့ တိုက်ပွဲဖြစ်ပွားမှုအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ ဦးကျော် သေဆုံးပြီး စစ်ကောင်စီရဲ့ လက်နက်ခဲယမ်းများနဲ့ မူးယစ်ဆေးဝါးများ သိမ်းဆည်းရမိခဲ့တယ်လို့ ကိုးကန့်တပ်ဖွဲ့ MNDAA က ဒီကနေ့ ထုတ်ပြန်ပါတယ်။
ဒီကနေ့ နေ့လည် ၁ နာရီ ၄၃ မိနစ်ခန့်မှာ ရှင်ဝမ်ဒေသ ရှိပတ်လင်ကျေးရွာ စာသင်ကျောင်းမှာ တပ်စွဲနေတဲ့ စစ်ကောင်စီတပ်ဖွဲ့နဲ့ ပတ်စော်ချိန်ကိုးကန့်ပြည်သူ့စစ် ပူးပေါင်းတပ်ဖွဲ့ရဲ့ စစ်စခန်းကို ကိုးကန့် MNDAA တပ်ဖွဲ့က ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပါတယ်။
အဲ့ဒီတိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၈ ဦးထိခိုက်သေဆုံးပြီး ဒရုန်း ၂ စီးနဲ့ ကား ၄ စီးကို ဖျက်ဆီးနိုင်ခဲ့တယ်လို့ MNDAA က သတင်းထုတ်ပြန်ပါတယ်။
အဲ့ဒါအပြင် ကျည်ကာအင်္ကျိီတစ်ထည် ကျည်ဘောက် ၃ ခုနဲ့ ကျည်တောင့် ၆၀ ကိုလည်း သိမ်းဆည်းရမိခဲ့ပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာ ၁၄ ရက်နဲ့ ၂၁ ရက်နေ့မှာလည်း အင်အား ၁၀၀ ကျော်ရှိတဲ့ စစ်ကောင်စီတပ်ဖွဲ့ ကိုးကန့်ပြည်သူ့စစ်ပူးပေါင်းတပ်ဖွဲ့နဲ့ MNDAA တပ်ဖွဲ့တို့ နမ့်ခုံဟော်ရွာနဲ့ ရှိပတ်လင်ရွာမှာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး အဲ့ဒီတိုက်ပွဲအတွင်း စစ်ကောင်စီ နဲ့ ပြည်သူ့စစ်ပူးပေါင်းတပ်ဖွဲ့ဘက်မှ ၃ ဦးသေဆုံးခဲ့ပြီး MNDAA ဘက်မှလည်း တစ်ဦးထိခိုက်ဒဏ်ရာရခဲ့ပါတယ်။
အဲ့ဒီတိုက်ပွဲဖြစ်ပွားခဲ့တဲ့နေရာတွေကို ကိုးကန့် MNDAA တပ်ဖွဲ့က အောက်တိုဘာ ၂၄ ရက်နေ့မှာ ဝင်ရောက်ရှင်းလင်းရာ ကျည်ဘောက်တစ်ခု ၊ ကျည် ၂၆ တောင့် နဲ့ မူးယစ်ဆေးဝါး ၄ ထုပ် သိမ်းဆည်းရမိခဲ့ပြီး ကိုးကန့်ပြည်သူ့စစ်ရဲ့ အလောင်း တစ်လောင်းကိုပါ တွေ့ရှိခဲ့တယ်လို့ MNDAAကဆိုပါတယ်။
“ကိုးကန့်လူမျိုးနဲ့ မင်းအောင်လှိုင်တပ်ဖွဲ့ ပူးပေါင်းရောနှောနေတာကို မတွေ့ချင်ပါဘူး၊ ကိုးကန့် MNDAA ဟာ ကိုးကန့်လူမျိုးအချင်းချင်း မပစ်ခတ်ဘူးဆိုတဲ့ ရပ်တည်ချက်ကို ကိုင်စွဲထားပါတယ်။ သို့သော် သေနတ်နဲ့ ကိုယ့်လူကို ချိန်စပါက တုန့်ပြန်သွားမယ်” လို့ MNDAAက ပြောပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာလ ၁၄ ရက်မှာလည်း MNDAA က စစ်ကောင်စီတပ်ဖွဲ့ဝင်တစ်ဦးကို မူးယစ်ဆေးဝါး ၃၁ ထုပ် ၊ ၆၀ မမ လက်နက်ပြောင်းတို တစ်လက်နဲ့အတူ ဖမ်းဆီးရမိခဲ့ပါတယ်။