တရုတ်က ဖမ်းဝရမ်းထုတ်ထားသော အွန်လိုင်းရာဇဝဝတ်မှုတရားခံ ကျားဖြန့်ခေါင်းဆောင်များကိုစစ်ကောင်စီက လွှဲပေးလိုက်ပြီဖြစ်ပြီး နေပြည်တော်လေဆိပ်၌ လာရောက်ခေါ်ဆောင်သွားရှိသည်။
ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဥက္ကဋ္ဌဟောင်း၊ပြည်ခိုင်ဖြိုးအမတ်ဟောင်း ၊ကိုးကန့်ပြည်သူ့စစ်ခေါင်းဆောင်ဦးပယ်ဆောက်ချိန်၊သားဖြစ်သူ ပယ်ရင်ချန်၊ ကိုးကန့်သူဌေး ဖူလီလိုက်လုပ်ငန်းစုဥက္ကဌဦးလျိုအားပေါက်နှင့်ကိုးကန့် အမှတ်(၁၀၀၆) နယ်ခြားစောင့်တပ်ဗဟိုအကြံပေးနှင့်ကွပ်ကဲရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဝေဆန်း၊ အပါအဝင် ဆယ်ဦးကို တရုတ်ရဲတပ်ဖွဲ့က အထူးလေယာဉ်ဖြင့် ယမန်နေ့( ဇန်နဝါရီလ ၃၀ရက်) ညအစောပိုင်း၌ လာရောက်ခေါ်ဆောင်သွားခြင်းဟု နေပြည်တော်သတင်းမြစ်ကပြောသည်။
“အပေါ်အဆင့်တွေ ကျတော် မသိဘူး။ အထူးလေယာဉ်နဲ့ လာခေါ်သွားတာပါ။ လေယာဉ်ပေါ် မခေါ်ခင် နည်းပညာနဲ့ စစ်ဆေးသေးတယ်” ဟု၎င်းကပြောသည်။
တရုတ်ဖက်ကထုတ်ပြန်သည့်သတင်း၌ ဖမ်းဆီးသွားသူများကို ခေါင်းအားအဝတ်အုပ်၍ခေါ်ဆောင်သွားပြီး တရုတ်လေဆိပ်အရောက် သတင်းမီဒီယာများရှေ့၌ ဖွင့်ပြခဲ့သည်။
တရုတ်အလိုရှိနေသော ကျားဖြန့်ခေါင်းဆောင်ပိုင်းများကို စစ်ကောင်စီက ဆက်လက်အကာအကွယ်ပေးထားကြောင်း မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့ကဇန်နဝါရီလ ၂၈ရက်နေ့ညတွင် ထုတ်ပြန်ပြီးနောက် သုံးရက်မြောက်နေ့တွင် စစ်ကောင်စီကလွှဲအပ်လိုက်ခြင်းလည်းဖြစ်သည်။