ကိုးကန့် နှင့် မူပန်(သိန္နီ)ဒေသတို့ကို အာဏာသိမ်းစစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု လုပ်ဆောင်ခဲ့၍ အရပ်သား သုံးဦးသေဆုံးကာ ၁၀ဦး ဒဏ်ရာရရှိခဲ့သည်ဟု ကိုးကန့်တပ်မတော်(MNDAA) က ယနေ့ ထုတ်ပြန်သည်။
ဒီဇင်ဘာ ၂၃ ရက် ကိုးကန့် ရှိ အိုနေရာကို စစ်ကောင်စီမှ ဂျက်လေယာဉ်ဖြင့်အကြိမ်ပေါင်းများစွာလာရောက် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီက ပစ်ခတ်သည့် ဗုံးသီးသည် ကိုးကန့်ရှိအိုလုံတုံ့နေရာမှ စစ်ဘေးရှောင်ဒုက္ခ သည်များ ခိုလှုံရာသို့ ကျရောက်ပေါက်ကွဲကာ တစ်ဦး သေဆုံးပြီး ကလေးငယ်အပါအဝင် ငါးဦး ဒဏ်ရာရခဲ့ကြောင်း ဖော်ပြသည်။
ယင်းဖြစ်စဉ်၌ အရပ်သားသေဆုံးမှု ထပ်ရှိသည်ဟို ကြားသိရသော်လည်း အတည်မပြုနိုင်သေးဟု အသိပေးသည်။
ဒီဇင်ဘာ ၂၃ ရက် နေ့လယ်ပိုင်းတွင် မူပန်(သိန္နီ)ဒေသ ရဲစခန်းပတ်လည်အနီးတွင် စစ်ကောင်စီသည် ဂျက်လေယာဉ်ဖြင့် လာရောက် တိုက်ခိုက်ခဲံရာ အရပ်သား နှစ်ဦးသေဆုံးပြီး ၅ဦး ဒဏ်ရာရခဲ့ကြောင်း ထုတ်ပြန်သည်။
ထို့ပြင် ကိုးကန့်ဒေသ နယ်စပ် မှတ်တိုင်(၁၂၃)နေရာမှ စစ်ဘေးရှောင်နေသော အသက်(၁၆)နှစ် မိန်းကလေးတစ်ယောက် နယ်စပ်မှတ်တိုင်(၁၂၄)အနီး ထင်း(သစ်ကိုင်း) ကောက်နေစဉ် စစ်ကောင်စီထောင်ခဲ့သော မိုင်းနှင်းမိပြီး ခြေနှစ်ချောင်း ထိမှန်ကာ ဒဏ်ရာပြင်းထန်ခဲ့သည်ဟု အသိပေးသည်။
ဒီဇင်ဘာ ၁၀ ရက်မှစ၍ ကိုးကန့်ဒေသ စစ်ရေးအခြေအနေမှာ အနည်းငယ်တည်ငြိမ်မှုရှိခဲ့သော်လည်း ဒီဇင်ဘာ ၁၈ ရက်တွင် စစ်ကောင်စီမှ ဂျက်လေယာဉ်ဖြင့် ကိုးကန့်ဒေသနှင့် ကိုးကန့် ဘေးပတ်လည်နေရာများကို လာရောက် ဗုံးကြဲ တိုက်ခိုက်ခဲ့ကြောင်း၊ တစ်ချိန်တည်း မြေပြင်စစ်ပွဲလည်း ပြန်လည်ဖြစ်ပေါ်လာခဲ့ကြောင်း အသိပေးသည်။
လက်ရှိ ကိုးကန့် လောက်ကိုင်ဒေသအတွင်း ပစ်ခတ်မှုဆက်လက်ဖြစ်ပွားနေဆဲရှိပြီး စစ်ကောင်စီ ၏ လေကြောင်း ပစ်ခတ်မှုလည်း ဆက်လက်လုပ်ဆောင်လာနေကြောင်း ထုတ်ပြန်သည်။
၁၀၂၇ စစ်ဆင်ရေးစတင်ချိန် အောက်တိုဘာ ၂၇ရက်မှ ဒီဇင်ဘာ ၂၃ ရက်အထိ မြန်မာနိုင်ငံ ရှမ်းပြည်နယ် အထူးဒေသ(၁)နယ်မြေ အတွင်း စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုများကြောင့် အရပ်သား ၅၅သေဆုံးခဲ့ပြီး အနည်းဆုံး ၄၀ကျော်ဒဏ် ရာရရှိခဲ့ကြောင်း၊ နေအိမ်အဆောက်အအုံများ ရာချီဖျက်ဆီးခံခဲ့ရကြောင်း MNDAAက အသိပေးသည်။