ကိုးကန့်ရွှေရောင်နေ့ရက်တွေ အချိန်တိုတိုအတွင်းမှာ ပြည်လည်ရောက်ရှိစေဖို့ ညီနောင်မဟာမိတ်တပ်ဖွဲ့ဝင်တွေ ဖြစ်တဲ့ TNLAနဲ့ AAက ညီရင်းအစ်ကိုစိတ်အပြည့်နဲ့ ဆုမွန်ကောင်းတောင်းပေးတယ်လို့ ဒီနေ့မှာ ကျရောက်တဲ့ (၃၅)နှစ်မြောက် မြန်မာအမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော်နေ့ အခမ်းအနားကို ပေးပို့တဲ့ သဝဏ်လွှာမှာ ဖော်ပြပါတယ်။
သဝဏ်လွှာထဲမှာ ” လက်ရှိ ကိုးကန့်အဖွဲ့အစည်းကို ခေါင်းဆောင်နေကြသော ခေါင်းဆောင်ကြီးများ၏ ဦးဆောင်မှုအောက်တွင် ကိုးကန့်အဖွဲ့အစည်းမှ လိုလားသော နိုင်ငံရေးရည်မှန်းချက်များ အမြန်ဆုံး ပြည့်ဝနိုင်ပါစေကြောင်း၊ ကိုးကန့်ရွှေရောင်နေ့ရက်များအချိန်တိုတိုအတွင်း၌ ပြည်လည်ရောက်ရှိလာပါစေကြောင်း ညီရင်းအစ်ကိုစိတ်အပြည့်ဖြင့် ဆုမွန်ကောင်း တောင်းလိုက်ပါတယ် ” လို့ ဖော်ပြပါတယ်။
ကိုးကန့်အဖွဲ့အစည်းဟာ အတိတ်ကာလမှာ ကောင်းခြင်း၊ ဆိုးခြင်းလောကဓံ အနိမ့်အမြင့်၊ အတက်အကျတို့ကို များစွာကြုံဖူးခဲ့ပြီး ခါးသီးတဲ့ သင်ခန်းစာတွေလည်း ရရှိခဲ့ပြီဖြစ်တယ်ဆိုတာနဲ့ အောင်မြင်မှု၊ ရှုံးနိမ့်မှုတွေကို အတုယူစရာနဲ့ သတိမူစရာ သင်ခန်းစာတွေကိုလည်း ပြသထားခဲ့သလို တော်လှန်ရေးအဖွဲ့အစည်းတွေအတွက် အတုယူစရာ နမူနာကောင်းများကိုလည်း လမ်းညွှန်ပြသထားခဲ့ပြီးဖြစ်တယ်လို့ ဆိုပါတယ်။
မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် (Myanmar National Democratic Alliance Army-MNDAA) ကို တည်ထောင်ခဲ့တဲ့ (၃၅) နှစ်ပြည့်မြောက် ခဲ့တဲ့ နေ့ဖြစ်ပါတယ်။
MNDAAအနေနဲ့ ကိုးကန့်ပြန်လည်တည်ဆောက်ရေးနဲ့ ကိုးကန့်ဒေသ ပြန်လည်ဖွံ့ဖြိုးရေး တို့အတွက် စိန်ခေါ်မှုပေါင်းများစွာကို ရင်ဆိုင်ကျော်ဖြတ်ရအုံးမှာဖြစ်ပြီး စိန်ခေါ် မှုပေါင်းများစွာကိုရင်ဆိုင်ပြီး တစ်ခေတ်တစ်ခါတုန်းက ကိုးကန့်အခြေအနေကို ပြန်လည်ရောက်ရှိလာနိုင်မှာကို အပြည့်အဝ ယုံကြည်တယ်ဆိုတာနဲ့ ညီနောင်မဟာမိတ်နှစ်ဖွဲ့အနေနဲ့လည်း စစ်ရေး၊ နိုင်ငံရေး မဟာမိတ်ပီသ စွာနဲ့ ယခင်ရပ်တည်ချက်၊ ယုံကြည်ချက်တွေ အတိုင်း ချစ်ခင်ရင်းနှီးစွာ အမြဲတမ်း အတူရှိနေအုံးမယ်လို့ ဆိုပါတယ်။
ဒါ့အပြင် ကိုးကန့် အိမ်ပြန်ခရီးကာလ (တစ်နည်းအားဖြင့်) ၁၀၂၇ စစ်ဆင်ရေးကာလ နဲ့ ကိုးကန့်တော်လှန်ရေး ကာလတစ်လျှောက်လုံးအတွင်း အသက်၊ ဘဝ၊ ခန္ဓာများစွာတို့ကို ပေးဆပ်စွန့်လွှတ် အနစ်နာခံခဲ့ကြတဲ့ သူတွေကို လေးနက်စွာ ဂုဏ်ပြုတယ်လို့လည်း သဝဏ်လွှာမှာ ဖော်ပြထားပါတယ်။