သီပေါမြို့ဘက်မှာတော့ လက်နက်ကြီး တစ်လုံးတလေပစ်ခတ်တာကလွဲလို့ ငြိမ်သက်နေပေမယ့် စဉ့်အင်ရွာမှာတော့ မနေ့ဇွန်လ၂၈ ရက်ညနေပိုင်းမှာ MNDAA ကိုးကန့်တပ်အင်အား တစ်ထောင်ကျော် လက်နက်ကြီးတွေ ကား ၈ စီးနဲ့ ရောက်ရှိတပ်စွဲနေတယ်လို့ ရွာခံတွေဆီက ခိုင်မာတဲ့ပြောကြားချက်အရ သိရပါတယ်။
စဉ်အင်ရွာ သီပေါ ဒုဌဝတီတံတားဘက် ကိုးကန့်တပ်ဖွဲ့တွေ အလုံးအရင်းနဲ့ရောက်ရှိလာပြီး တပ်စွဲနေရာယူနေပြီး နဂို တပ်စွဲထားတဲ့ တအာင်း(ပလောင်)တပ်ဖွဲ့တွေ ထွက်ခွါသွားတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။
“ညက မိုင်းတွေ၊ လက်နက်ကြီးကျည်တွေ ထမ်းရတာ မနက် ၂ နာရီကျမှ ပြီးတယ်၊ အိမ်မှာရောရွာမှာပါ ကိုးကန့်တွေ အပြည့်ပဲ၊ ပလောင်တွေ ခွာသွားပြီးတော့ သူတို့ရောက်လာတာ”လို့ စဉ့်အင်ရွာသား တစ်ဦးက မဲခေါင်သတင်းဌာနကို ပြောပါတယ်။
ကျောက်မဲမြို့မှာတော့ ညပိုင်း ရနာရီခန့်မှာ စစ်ကောင်စီရဲ့ Y-12 လေယာဉ်က ဗုံးကြဲတိုက်ခိုက်လို့ တရုတ်သင်္ချိုင်း၊ ကျောက်တောင်၊ ပန်ဟက်၊ ကျောက်မဲကြီးဘက်နဲ့ မြို့တွင်းဘက်တွေ ကို ဗုံးအလုံး ၃၀ ကျော် ကြဲချခဲ့တယ်လို့ သိရပါတယ်။
ကျောက်မဲမြို့ပေါ်ရပ်ကွက်တွေက အချို့စစ်ဘေးရှောင်တွေဟာ ချောင်းခြောက်ရွာ ဇောတိရှမ်းဘုန်းကြီးကျောင်းနဲ့ ရွာမှာ ၅၀၀ လောက်ခိုလှုံနေပြီး ရိက္ခာနဲ့ဆေးဝါးတွေ လိုအပ်နေတယ်လို့ သိရပါတယ်။
ပြင်ဦးလွင်မြို့က စစ်ဆေးရုံ ခုတင် ၇၀၀ မှာ စစ်ကောင်စီတပ်က ထိခိုက်ဒဏ်ရာရသူ တပ်ရင်း ၂ ရင်းစာလောက်ရှိနေပြီး ဝက်ဝံ၊ ဘန့်ဘွေးနားအထိ ထိတွေ့မှုတွေဖြစ်နေတဲ့အတွက် မြို့ပေါ်နေသူအချို့ မန္တလေးဘက်ကို ကြိုတင်စစ်ရှောင်နေကြပြီလို့သိရပါတယ်။
ရှမ်းမြောက်ရဲ့ တကျော့ပြန် ၁၀၂၇ စစ်ဆင်ရေး ဒုတိယလှိုင်းဟာ ဇွန် ၂၅ ရက်ကနေ ယနေ့ ဇွန် ၂၉ ရက်အတွင်း စစ်ကောင်စီတပ်တွေနဲ့ TNLA၊ MDY-PDF ၊ မိုးကုတ် ဗျူဟာတပ်ရင်း-၄ ရင်း၊ ဓနုပြည်သူ့လွတ်မြောက်ရေးတပ်ဦး(DPLF/DPLA)တို့ပူးပေါင်း အင်အား ၁သောင်းကျော်တို့တိုက်ပွဲဖြစ်ပွားခဲ့တာမှာ နောင်ချိုမြို့ကို သိမ်းပိုက်နိုင်ခဲ့ပြီး ကျောက်မဲမြို့မှာ မြို့ပြင် စစ်စခန်းတွေမှအပ မြို့ပေါ်ကိုထိန်းချုပ်ထားကာ သီပေါတွင် စစ်ဆိုင်ထားပြီး မိုးကုတ်၊ ပြင်ဦးလွင်နဲ့ လားရှိုးမြို့တွေကို ခြိမ်းခြောက်ထားတဲ့ အခြေအနေရောက်ရှိနေတာကို တွေ့ရပါတယ်။