စားသုံးကုန်ပစ္စည်းနှင့် စက်သုံးဆီများကို စျေးနှုန်းအဆမတန် တင်ရောင်းခြင်း၊ ကုန်ပစ္စည်းရှိလျက်နှင့် ရောင်းချပေးရန် ငြင်းဆန်ခြင်း၊ ဝယ်ယူသုံးစွဲသူများအနေဖြင့်လည်း လိုသလောက်သာ ဝယ်ယူကြရန်နှင့် စျေးနှုန်းအဆမတန် ရောင်းချနေသောဆိုင်များကို တိုင်ကြားရန် KIO ၏ ကွတ်ခိုင်မြို့နယ် အုပ်ချုပ်ရေးရုံးမှ အောက်တိုဘာ ၃၁ ရက်နေ့၌ သတိပေးချက် ထုတ်ပြန်ထားကြောင်း သိရသည်။
ရှမ်းပြည်နယ်မြောက်ပိုင်းတွင် အောက်တိုဘာ ၂၇ ရက်နေ့မှစ၍ ညီနောင်မဟာမိတ် (၃) ဖွဲ့၏ ၁၀၂၇ စစ်ဆင်ရေးစတင်ခဲ့ရာ လမ်းတံတားများကို ဖြတ်တောက်ထားပြီး ကုန်စျေးနှုန်းများ တဟုန်ထိုး မြင့်တက်လာခြင်းကြောင့် ထုတ်ပြန်ရခြင်းဖြစ်ကြောင်း သိရသည်။
“ဆိုလာမီး၊ မီးစက်။ ဆန်နဲ့ ဆီ ဝယ်လို့ မရတော့ဘူး”ဟု ကွတ်ခိုင်ဒေသခံတစ်ဦးက ပြောသည်။
၁၀၂၇ စစ်ဆင်ရေးသည် ၆ ရက်မြောက်ကြာလာပြီဖြစ်ပြီး စစ်ကောင်စီတပ်နှင့် ပြည်သူ့စစ်စခန်းများကို တိုက်ခိုက်သိမ်းယူနေသလို၊ ပြည်သူများလည်း စစ်ရှောင်နေရပြီး သေဆုံးထိခိုက်သူများလည်း ရှိသည်။