အာဏာသိမ်းစစ်ကောင်စီက ကုမ္ပဏီ ၁၂၀ ကျော်ရဲ့ နိုင်ငံခြားငွေ လဲလှယ်ရောင်းချခွင့် လိုင်စင်တွေ ကို ရုတ်သိမ်းလိုက်ပါတယ်။
ဒီနေ့ထုတ် စစ်ကောင်စီ ထိန်းချုပ်ထားတဲ့ နိုင်ငံပိုင်သတင်းစာမှာ ကုမ္ပဏီ ၁၂၃ ခုဟာ နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲမှုစည်းမျဉ်းနဲ့ ဗဟိုဘဏ်ရဲ့ညွှန်ကြားချက်တွေကို မလိုက်နာလို့ လိုင်စင်ရုတ်သိမ်းရတာလို့ ဖော်ပြပါတယ်။
လိုင်စင်ရုတ်သိမ်းခံရတဲ့ ကုမ္ပဏီတွေ ချိုးဖောက်တယ်ဆိုတဲ့ အမိန့်နဲ့ညွှန်ကြားချက်တွေကိုတော့ တိတိကျကျ ဖော်ပြတာမတွေ့ရပါဘူး။
စစ်ကောင်စီဟာ အခုလိုပဲ နိုင်ငံခြားငွေ လဲလှယ်ရောင်းချခွင့် လိုင်စင်ရုတ်သိမ်းတာတွေကို ယခင်လပိုင်းကတွေကလည်း ပြုလုပ်ခဲ့ပေမယ့် ဒီတစ်ခေါက်ဟာ ကုမ္ပဏီ ၁၂၀ ကျော် တပြုံတည်း လိုင်စင်သိမ်းခံရတာပါ။
အခုတစ်ခေါက် နိုင်ငံခြားငွေလဲလှယ်ရောင်းချခွင့် လိုင်စင်ရုတ်သိမ်းခံရတဲ့ ကုမ္ပဏီတွေထဲမှာ ခရီးသွား ကုမ္ပဏီ တစ်ဒါဇင်ကျော် ၊ ဝန်ဆောင်မှုကုမ္ပဏီ ၊ ကုန်သွယ်ရေးကုမ္ပဏီ တွေနဲ့ဆောက်လုပ်ရေးကုမ္ပဏီအချို့ပါဝင်တာတွေ့ရပါတယ်။
ပြည်တွင်းမှာ ကျပ်ငွေ တန်ဖိုးထိုးကျပြီး အမေရိကန်ဒေါ်လာဈေးနှုန်း စံချိန်တင်မြင့်တက်တာတွေ ကြုံနေချိန်မှာ စစ်ကောင်စီက အခုလို လိုင်စင်ရုတ်သိမ်းတာတွေ ခပ်စိတ်စိတ် ပြုလုပ်နေတာပါ။
အခုနှစ်ရဲ့ ၆ လတာကာလအတွင်း နိုင်ငံခြားငွေလဲလှယ်ခွင့်ရောင်းချခွင့်ရ လိုင်စင် ၄၀ ကျော်ကို အာဏာသိမ်းစစ်ကောင်စီရဲ့ ဗဟိုဘဏ်က လိုင်စင်ပြန်လည်ရုတ်သိမ်းခဲ့တာရှိပါတယ်။
ဒီတစ်ကြိမ် ကုမ္ပဏီ ၁၂၃ ခုပါ ပါရင်တော့ နိုင်ငံခြားသုံးငွေ လဲလှယ်ရောင်းချခွင့် လိုင်စင် ရုပ်သိမ်းခံရတဲ့ ကုမ္ပဏီဟာ ၁၆၀ ကျော်ထိရှိလာပါပြီ။