ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် အလျင်အမြန် ခန့်အပ် နိုင်ရေးအတွက် ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်း က တောင်းဆိုလိုက်ပါတယ်။
(၇၈) ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံအစည်းအဝေးကို ဖေဖော်ဝါရီ ၇ ရက်က ပြုလုပ် ခဲ့ရာ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ Work of the Organization အစီရင်ခံစာနဲ့ ပတ်သက်ပြီး အဖွဲ့ဝင်နိုင်ငံများရဲ့ ရှင်းလင်းတင်ပြမှုမှာ အခုလိုထည့်သွင်းပြောကြားလိုက်တာပါ။
“မြန်မာနိုင်ငံတွင် ဖြစ်ပွားနေသည့် အခြေအနေများအတွက် ကုလသမဂ္ဂအနေဖြင့် ပိုမို တက်ကြွ သော အခန်းကဏ္ဍမှ ပါဝင်ခြင်းက အလွန်အရေးပါကြောင်း၊ ဤနေရာတွင် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်အား အလျင်အမြန်ခန့်အပ်နိုင်ရေး ကိုလည်း တောင်းဆိုလိုပါကြောင်း” သံအမတ်ကြီး ဦးကျော်မိုးထွန်းက ဆွေးနွေးပြောကြားခဲ့တာပါ။
ဒါအပြင် ၃ နှစ်အတွင်းမှာ အကြမ်းဖက်စစ်တပ်က အပြစ်မဲ့ပြည်သူပေါင်း (၄,၄၀၀) ကျော်အား ရက်ရက်စက်စက်သတ်ဖြတ်ခဲ့ပြီး လူပေါင်း (၂၅,၀၀၀) ကျော်ကို မတရားဖမ်းဆီးချုပ် နှောင်ခဲ့ကြောင်း ထည့်သွင်းဆွေးနွေးခဲ့ပါတယ်။
အကြမ်းဖက်စစ်တပ်ကြောင့် နိုင်ငံအတွင်း ပြည်သူပေါင်း ၂ဒသမ၆ သန်းခန့်မှာ နေရပ်စွန့်ခွာ တိမ်း ရှောင်ထွက်ပြေးနေရသလို လူပေါင်း ၁၉ သန်း နီးပါးမှာ လူသားချင်းစာနာထောက်ထားမှု အကူအညီများကို အရေးတကြီး လိုအပ်လျက်ရှိပြီး လူဦးရေရဲ့ တစ်ဝက်မှာ ဆင်းရဲမွဲတေမှုဒဏ်ကို ခံစားနေရပြီဖြစ်တယ်လို့ သံအမတ်ကြီးက ကုလအစည်းဝေးမှာ ထည့်သွင်းပြောကြားခဲ့ပါတယ်။
အကြမ်းဖက်စစ်တပ်က ဘာသာရေး အဆောက်အဦးများအပါအဝင် အဆောက်အဦးပေါင်း ၈၆၀၀၀ ကျော်ကို ဖျက်ဆီးတာ မီးရှို့တာတွေ ပြုလုပ်ထားတယ်ဆိုပြီးတော့လည်း ထည့်သွင်းဆွေး နွေးခဲ့ပါတယ်။