ကေအဲန်ယူ၊ ညောင်လေးပင်ခရိုင် တပ်မဟာ ၃ နယ်မြေ၊ ခလယ်လွီထူခရိုင်မှာ ဇူလိုင်လ ၁ လတာအတွင်း တိုက်ပွဲကြီးငယ်ပေါင်း ၉၆ ကြိမ်ဖြစ်ပွားခဲ့ပြီး အကြမ်းဖက် စစ်တပ်ဘက်မှ တပ်ခွဲမှူး၊ ဗိုလ်ကြီး၊ ဗိုလ်မှူး၊ ဒုတပ်ရင်းမှူး အပါအဝင် အခြားအဆင့်ရှိ ရန်သူတပ်သား ၁၆၆ ဦးသေဆုံးပြီး၊၁၄၃ ဦး ဒဏ်ရာရခဲ့တယ်လို့ ကေအဲန်ယူ တပ်မဟာ ၃ က မနေ့က ထုတ်ပြန်လိုက်ပါတယ်။
ကေအဲန်ယူ တပ်မဟာ ၃ လက်အောက်ခံ KNLA/ KNDO ပူးပေါင်းတပ်ဖွဲ့ နဲ့ အကြမ်းဖက် စစ်ကောင်စီ လက်အောက်ခံခြေမြန်တပ်မ၊ ခြေလျင်တပ်ရင်း၊ ပျူစောထီး၊ ရဲတပ်ဖွဲ့၊ လေကြောင်းရန် ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တို့နဲ့ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်းတော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့ဘက်မှ အကြမ်းဖက် စစ်တပ်ရဲ့ရိက္ခာလက်နက်ခဲယမ်း ပို့ဆောင်ရေးအတွက် အသုံးပြုနေတဲ့ တံတား ၂ စင်းအား ဖောက်ခွဲ ဖျက်တောက်နိုင်ခဲ့ပြီး၊ ရန်သူစစ်တပ်ဘက်မှလည်း ပြည်သူများ သွားလာနေတဲ့ လမ်း ၃ လမ်းအား ဘတ်ဟိုးယာဥ်ဖြင့် ဖျက်စီးခဲ့ပါတယ်။
အကြမ်းဖက် စစ်တပ်ဘက်မှ လေကြောင်းကနေ Mi-35 နဲ့ တိုက်ခိုက်မှု (၁၂)ကြိမ် ၊ ဒရုန်း ဖြင့်တိုက်ခိုက်မှု (၁) ကြိမ်ပြုလုပ်ခဲ့ပြီး၊ ကျေးရွားများ အတွင်းသို့ အပြစ်မဲ့ပြည်သူများကို ရည်ရွယ်ချက် ရှိရှိ လက်နက်ကြီး ပစ်ခတ်မှု လက်လှမ်းမှီ ကောက်ယူထားတဲ့ စာရင်းအရ အကြိမ်ရေ ၂၉၉ လုံးရှိခဲ့တယ်လို့ဖော်ပြပါရှိပါတယ်။
အကြမ်းဖက် စစ်တပ်ထံမှ MA စီးရီး အမျိုးအစား သေနတ် ၆ လက်၊ G 3 ၁လက်၊ G 4 ၁ လက် ၊ အူဇီ သေနတ်၁ လက်၊ RPG ၁ လက်နှင့် ကျည်ဆန် အများအပြား သိမ်းဆည်းရမိခဲ့ပါတယ်။
ရန်သူစစ်တပ်မှ ဒေသခံပြည်သူ့ နေအိမ် (၄၄)လုံး၊ လယ်ထွန်စက်(၁)စီး၊ ဆိုင်ကယ်(၆)စီး၊ စပါးကျည်(၁၆)လုံး၊ ထင်းဂိုဒေါင်(၂၃)ပုံ၊ မီးစက်(၁)လုံးကို မီးရှို့ဖျက်စီးခဲ့ပြီး ၊ပိုက်ဆံ (၂)သိန်း (၅)သောင်းကျပ်၊ ဆိုင်ကယ်(၁)စီးနှင့် ဖုန်း(၁)လုံးကို အတင်းအဓမ္မသိမ်းယူခဲ့သည့်အပြင် အပြစ်မဲ့ပြည်သူ (၂၄)ဦး အား အကြောင်းမဲ့ဖမ်းဆီးနှိပ်စက်ပြီး အပြစ်မဲ့ ပြည်သူ ၅ ဦးအား ဖမ်းဆီး မီးရှို့သတ်ဖြတ်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။