အကြမ်းဖက်စစ်ကောင်စီရဲ့ စစ်ဆင်ရေးကွပ်ကဲမှု စစ်ဌာနချုပ် အမှတ် (၈) လက်အောက်ခံ အမှတ် (၄၁၀) ခြေမြန်တပ်ရင်းမှ စစ်သား ၃ ဦး ကရင်အမျိုးသားအစည်းအရုံးထံကို လက်နက် အပ်နှံကာ၊ အလင်းဝင်ရောက်လာခဲ့တယ်လို့ ကေအဲန်ယူ-ဒူးသထူခရိုင်က ဒီနေ့ရက်စွဲနဲ့ အသိပေး ထုတ်ပြန် ထားပါတယ်။
ဘီးလင်းမြို့နယ်အခြေစိုက် အကြမ်းဖက်စစ်ကောင်စီရဲ့ ဝင်တာပန်းစခန်းမှ အသက် ၃၅ နှစ်အရွယ် တပ်သားက ဇန်နဝါရီ ၁၀ ရက်မှာ လက်နက်နဲ့တကွ အလင်းဝင်ရောက်လာခဲ့ပြီး၊ ဝင်တာပန်းစခန်းမှ အသက် ၃၃ နှစ်အရွယ် တပ်သား ၁ ဦးက ဒီဇင်ဘာ ၉ ရက်၊၂၀၂၃ ခုနှစ်မှာ အလင်းဝင်ရောက်လာခဲ့တယ်လို့ ဆိုပါတယ်။
ကေအဲန်ယူ-ဒူးသထူခရိုင်အတွင်းက KNLA/KNDO တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ထံကို အောက်တိုဘာ ၁၀ ရက်၊ ၂၀၂၃ ခုနှစ်မှာ ဘီးလင်းမြို့နယ် လေးကေစခန်းမှ အသက် ၃၂ အရွယ် တပ်သား ၁ ဦး ချိတ်ဆက်ကာ လက်နက်နဲ့အလင်းဝင်ရောက်လာခဲ့တယ်လို့ ပြောပါတယ်။
ကေအဲန်ယူ-ဒူးသထူးခရိုင် တာဝန်ရှိသူများမှ လက်နက်ခဲယမ်း များယူဆောင်ပြီး အလင်းဝင်ရောက် လာခဲ့ခြင်းကြောင့် ထိုက်သင့်တဲ့ ဂုဏ်ပြုဆုငွေများ ပေးအပ်ကာ၊ အကြမ်းဖက်စစ်ကောင်စီကို တော်လှန်လိုပါက ခွင့်ပြုပေးမည်ဖြစ်ပြီး၊ မိသားစုအရေးအတွက် အလုပ်လုပ်လိုပါက အလုပ်အကိုင် အခွင့်အလမ်းနဲ့ နေစရာ များကို စီစဥ်ပေးခဲ့တယ်လို့ အသိပေးပါတယ်။
အကြမ်းဖက်စစ်ကောင်စီရဲ့ စစ်ဆင်ရေးကွပ်ကဲမှု စစ်ဌာနချုပ် အမှတ် (၈) လက်အောက်ခံ ခမရ (၄၁၀) တပ်ရင်းသည် ဘီလင်းမြို့နယ် လေးကေရွာအလယ်တွင်ရှိပြီး၊ ရန်သူစစ်တပ်ရဲ့ ဝင်းတာပန်း စခန်းမှာ ဘီလင်းမြို့နယ် ကေအဲန်ယူ ကရင်အမျိုးသားအစည်းအရုံးအနီးမှာ တပ်စွဲထားတဲ့ စစ်တပ်စခန်း ၁ခုဖြစ်တယ်လို့ ဖော်ပြထားပါတယ်။