စစ်ကိုင်းတိုင်း၊ ကောလင်းမြို့ကို ယနေ့ ဇန်နဝါရီလ ၂ ရက်နေ့တွင် စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်သဖြင့် စျေးအတွင်း လက်နက်ကြီးကျည်ကျရောက်ပြီး ပြည်သူ ၂ ဦးသေဆုံးကြောင်း ဒေသပြည်သူများက ပြောဆိုကြသည်။
ဇန်နဝါရီလ ၂ ရက်နေ့ နံနက် ၈ နာရီမှ နံနက် ၉ နာရီ ၃၀ မိနစ်အကြား စစ်ကိုင်းတိုင်း ကောလင်းမြို့ကို ၀န်းသိုအခြေစိုက် စစ်ကောင်စီတပ်ဖွဲ့က လက်နက်ကြီးများဖြင့် ၆ ကြိမ်ပစ်ခတ် တိုက်ခိုက်ခဲ့ရာ ပြည်သူ ၂ ဦး သေဆုံး ပြီး(၇) ဦးထက်မနည်း ထိခိုက်ဒဏ်ရာရခဲ့ကြောင်း သိရှိရသည်။
“လက်နက်ကြီးက စျေးထဲကို ကျတာ။ အဲဒီမှာ စျေးသွားစျေးလာ နဲ့ စျေးသည် ပြည်သူတွေ ထိခိုက်သေဆုံးပါတယ်။ ၂ ဦး သေဆုံးပါတယ်။ ၈ ဦးလောက် ဒဏ်ရာရတယ်။ အဓိက စျေးထဲကို လက်နက်ကြီးကျည်က တည့်တည့်ကျတာ” ဟု ကောလင်းမြို့မှ PDF သတင်းရင်းမြစ်က ပြောဆိုသည်။
၂၀၂၃ခုနှစ် ဒီဇင်ဘာလ ၂၈ ရက်နှင့် ဒီဇင်ဘာလ ၃၁ ရက်နေ့တွင်လည်း ၀န်းသိုအခြေစိုက် စစ်ကောင် စီတပ်ဖွဲ့က ဟောင်ဝှစ်ဇာလက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်မှုကြောင့် ကောလင်းမြို့ပေါ်နှင့် တောင်မော်ကျေးရွာတွင် ပြည်သူ ၅ ဦးသေဆုံးခဲ့ကြောင်း သိရှိရသည်။
စစ်ကိုင်းတိုင်း၊ ကောလင်းမြို့ကို ၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၆ ရက်နေ့တွင် ပြည်သူ့ကာကွယ်ရေးတပ်များက တိုက်ခိုက်သိမ်းပိုက်ရရှိထားခြင်းဖြစ်သည်။