ကောလင်းမြို့နယ်တွင် မူးယစ်ဆေးဝါး ရောင်းဝယ် ဖောက်ကားသူ ၅ ဦးကို ကာကွယ်ရေး တပ်ဖွဲ့များက ဖမ်းဆီး ထိန်းသိမ်းခဲ့ကြောင်း NUG အစိုးရ၏ စစ်ကိုင်းတိုင်း ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေး ဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။
ဒီဇင်ဘာလ ၆ ရက်နေ့တွင် မူးယစ်ဆေးဝါးနှင့် ဆက်စပ်ပစ္စည်းများနှင့် အတူ ဖမ်းဆီးရမိခဲ့သည့် တရားခံများမှတဆင့် ကွင်းဆက်တရားခံများကို ပစ္စည်းများနှင့်အတူ ဖမ်းဆီးထိန်းသိမ်း နိုင်ခဲ့ပါကြောင်း၊ ဖမ်းဆီးထိန်းသိမ်းခံရသော တရားခံ ၅ ဦးကို ဥပဒေနှင့်အညီ ဆက်လက် အရေးယူနိုင်ရေးအတွက် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အဆိုပါ မူးယစ်ဆေးဝါး ရောင်းဝယ် နေသူ ၅ ဦးကို ကောလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပ.က.ဖ)၊ မြို့နယ်ပြည်သူ့လုံခြုံရေး အဖွဲ့(ပ.အ.ဖ)နှင့် မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့(ပ.အ.ဖ)တို့က ပူးပေါင်း ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။
ပြည်သူများအနေဖြင့် မူးယစ်ဆေးဝါးများကို သတိထား၍ ရှောင်ကြဉ်ကြပါရန်နှင့် မူးယစ်ဆေးဝါး ရောင်းဝယ် ဖောက်ကားမှုများအား ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန၏ ပြည်သူ့ ရဲတပ်ဖွဲ့ဌာန၊ E-Police Station MOHAI-NUG Facebook Page များသို့လည်းကောင်း၊ မြို့နယ်များရှိ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့၊ ပြည်သူ့ရဲတပ်ဖွဲ့၊ မြို့နယ်ပြည်သူ့လုံခြုံရေးအဖွဲ့၊ မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့နှင့် တော်လှန်ရေးတပ်ဖွဲ့များထံသို့ ဆက်သွယ်၍ တိုင်ကြားကာ သတင်းပေးနိုင်ကြောင်း စစ်ကိုင်းတိုင်း ပြည်ထဲရေးနှင့် လူဝင်မှု ကြီးကြပ်ရေး ဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။