စစ်ကိုင်းတိုင်း၊ ကောလင်းမြို့နယ် အောင်သပြေရပ်ကွက် လေသာကျောင်း ဆရာတော် သက်တော် ၉၈ နှစ် ၊ ဝါတော် ၇၈ ဝါရှိ အရှင်စန္ဒိဝံသသည် ဥမင်ကုန်းရွာတွင် စစ်ဘေးရှောင်စဉ် ပျံလွန်တော်မူသွားကြောင်း Kawlin info မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။
ဆရာတော် ဦးစန္ဒိဝံသသည် ကောလင်းမြို့နယ်အတွင်း သက်တော်နှင့် ဝါတော် အကြီးဆုံးဖြစ်ပြီး ဖေဖော်ဝါရီ ၁၈ ရက်နေ့တွင် စစ်ဘေးရှောင်ရင်း ပျံလွန်တော်မူသွားခြင်း ဖြစ်ကြောင်း သိရသည်။
“ဖေဖော်ဝါရီလ ၄ ရက်နေ့ ကောလင်းမှာ တိုက်ပွဲ စဖြစ်တော့ ရှောင်ရတာပါ”ဟု Kawlin Info မှ တာဝန်ရှိသူက ပြောကြားသည်။
အကြမ်းဖက် စစ်တပ်သည် ဖေဖော်ဝါရီလ ၄ ရက်နေ့တွင် ကိုးတောင်ဘို့မှ ကောလင်းသို့ စစ်ကြောင်းထိုးခဲ့ခြင်း ဖြစ်ပြီး တော်လှန်ရေးအဖွဲ့များနှင့် ထိတွေ့တိုက်ပွဲများ ဖြစ်ပွားခဲ့ကြောင်း၊ အကြမ်းဖက်စစ်တပ်၏ စစ်ကြောင်းထိုးမှုကြောင့် ပြည်သူ အများအပြား စစ်ရှောင်ကြရာတွင် ဆရာတော် ဦးစန္ဒိဝံသ လည်း အပါအဝင်ဖြစ်ပြီး ဖေဖော်ဝါရီလ ၁၈ ရက်နေ့တွင် စစ်ဘေးရှောင်နေရင်း ပျံလွန်တော်မူခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်။