စစ်ကိုင်းတိုင်း၊ ကောလင်းမြို့နယ်ရှိ စစ်ကောင်စီ လက်အောက်ခံ Non-CDM ဝန်ထမ်းများ ဒီဇင်ဘာ ၂၅ရက် နောက်ဆုံးထား၍ ဆောင်ရွက်ဆဲ ရုံးလုပ်ငန်းများရပ်တန့်ပြီး ဌာနဆိုင်ရာ စာရွက်စာတမ်းများ၊ ပြည်သူပိုင်ပစ္စည်းများနှင့်တကွ အမျိုးသားညီညွတ်ရေးအစိုးရထံ အလင်းဝင်ကြရန် ကောလင်းမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့(ပအဖ)က သတိပေး ထုတ်ပြန်သည်။
ကောလင်းမြို့ကို နိုဝင်ဘာ ၆ရက်တွင် တိုက်ခိုက်သိမ်းပိုက်ပြီးနောက် အမျိုးသားညီညွတ်ရေးအစိုးရ၏ အုပ်ချုပ်ရေးယန္တရား စတင်လည်ပတ်နေပြီဖြစ်ပြီး Non CDM များနှင့် ပတ်သက်သော သတိပေးချက်ကို ယနေ့ ထုတ်ပြန်ခြင်းဖြစ်သည်။
အလင်းဝင်ရောက်မည့် Non-CDM ဝန်ထမ်းများသည် အစိုးရဌာနဆိုင်ရာ သို့မဟုတ် ဒေသဆိုင်ရာ အာဏာပိုင်က ပိုင်ဆိုင်သည့် သို့မဟုတ် ယင်းတို့အား လွှဲအပ်ထားသည့် သို့မဟုတ်အသုံးပြုရန် ကြံရွယ်ထားသည့် သိုလှောင်ပစ္စည်း သို့မဟုတ် ပစ္စည်းကိရိယာ တန်ဆာပလာ သို့မဟုတ် အခြားပစ္စည်းများကို မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ထံ စနစ်တကျ အပ်နှံရန် ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်ထားရမည်ဟု သတိပေးချက်တွင် ဖော်ပြထားသည်။
ထို့အပြင် CDM ဝန်ထမ်းများကို ထိထိရောက်ရောက် ကူညီခြင်း၊ တော်လှန်ရေးကို ထိထိရောက်ရောက် ပါဝင်ကူညီခြင်း ပြုခဲ့သည်ဟု အထောက်အထားခိုင်လုံသည့် Non-CDM ဝန်ထမ်းများက မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ထံ တာဝန်ထမ်းဆောင်ရန် လျှောက်ထားပါက အကြမ်းမဖက် အာဏာဖီဆန်ရေးလှုပ်ရှားမှု Non – CDM နိုင်ငံ့ဝန်ထမ်းဆိုင်ရာ မူဝါဒစာတမ်းနှင့်အညီ စနစ်တကျ စိစစ်၍ ကာလတိုစာချုပ်ဖြင့် တာဝန်ပေးသွားမည်ဟု အသိပေးထားသည်။
အမိန့်ထုတ်ပြန်သည့်နေ့ရက်မှစ၍ ဒီဇင်ဘာ ၂၅ရက်အထိ အလင်းဝင်ရောက်ခြင်း မရှိသည့် Non-CDM ဝန်ထမ်းများအား တည်ဆဲဥပဒေနှင့်အညီထိရောက်စွာ အရေးယူအပြစ် ပေးမည်ဖြစ်ပါသဖြင့် ပြည်သူလူထုဘက်မှ ရပ်တည်ပြီး အလင်းဝင်ရောက်ကြရန် ပြင်းထန်စွာသတိပေးလိုက်သည်ဟု ဖော်ပြထားသည်။
” ဒါဟာ Non တွေအတွက် အခွင့်အရေးကောင်းပဲ။ ကောလင်းဟာ NUG အစိုးရ ယန္တရားလည်ပတ်နေပြီ။ ကျမတို့က ကိုယ့်အစိုးရနဲ့ကိုယ် ရှေ့ဆက်နေပြီ”ဟု ကောလင်းမြို့မှ CDM ကျောင်း ဆရာမတစ်ဦးက ပြောသည်။