စစ်ကိုင်းတိုင်း ၊ ကောလင်းခရိုင် ၊ ကောလင်းမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က Non-CDM ဝန်ထမ်းတွေ ကို အလင်းဝင်ရောက်ဖို့ အမိန့်ကြေညာ စာထုတ်ပြန်ပြီးနောက် Non-CDM ဝန်ထမ်း ၉၈ ဦး အလင်းဝင်လာ တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ ၊ ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနက ဒီနေ့မနက်မှာ သတင်းထုတ်ပြန်ထားပါတယ်။
ကောလင်းမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က အကြမ်းဖက်စစ်ကောင်စီ လက်အောက်က Non-CDM ဝန် ထမ်းတွေအနေနဲ့ ဒီဇင်ဘာ ၂၅ ရက် နောက်ဆုံးထားပြီးတော့ အလင်းဝင်ရောက်ကြဖို့အတွက် အမိန့်ကြေညာ စာကို နိုဝင်ဘာ ၂၅ ရက်စွဲနဲ့ ထုတ်ပြန်ခဲ့တာပါ။ ဒါအပြင် မြို့နယ် Non-CDM ဝန်ထမ်းများ စီမံခန့်ခွဲရေး ကော်မတီကို ဖွဲ့စည်းဆောင်ရွက်ခဲ့တယ်လို့ ဆိုပါတယ်။
အဆိုပါ အမိန့်ထုတ်ပြန်ပြီးနောက် ကောလင်း မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ထံကို အကြမ်းဖက် စစ်ကောင်စီ လက်အောက်က Non-CDMဝန်ထမ်းတွေဖြစ်တဲ့ ထွေအုပ်(၁) ဦး၊ ပညာရေး(၃၃) ဦး၊ စည်ပင်(၅) ဦး၊ လျှပ်စစ်(၅) ဦး၊ အခွန်(၂)ဦး၊ သစ်တော(၂)ဦး၊ သစ်ထုတ်လုပ်ရေး(၄)ဦး၊ သစ်လုပ်ငန်း(၁)ဦး၊ မီးသတ်(၁)ဦး၊ စိုက်ပျိုးရေး(၂)ဦး၊ မြန်မာ့စီးပွားရေးဘဏ်(၂)ဦး၊ မီးရထား(၂၀)ဦး၊ မီးရထားရဲ(၁)ဦး၊ ဆက်သွယ်ရေး(၁)ဦး၊ အား/ကာ(၂)ဦး၊ မြေစာရင်း(၁၃)ဦး၊လူဝင်မှုကြီးကြပ်ရေး(၁)ဦး၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး(၂)ဦး၊ စုစုပေါင်း(၉၈)ဦး တို့က နိုဝင်ဘာ ၂၈ ရက်ကနေ ဒီဇင်ဘာ ၃ ရက် အတွင်း အလင်းဝင်ရောက်လာခဲ့တယ်လို့ ဖော်ပြထားပါတယ်။
အလင်းဝင်ရောက်လာသူတွေကို ဇန်နဝါရီ ၂၀ ရက်မှာ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီက ထုတ်ပြန်ထားတဲ့ နိုင်ငံ့ဝန်ထမ်း CDM မူဝါဒနဲ့အညီ စီမံခန့်ခွဲနိုင်ရန်အတွက် ညွှန်ကြားဆောင်ရွက်မှာဖြစ်ပြီး တော့ လူ့အခွင့်အရေးများနဲ့အညီ ဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။
စစ်ကိုင်းတိုင်းအတွင်းက “Non-CDMဝန်ထမ်းများအလင်းဝင်ရောက်ကြရန်” အတွက်လည်း ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနက နိုဝင်ဘာလ ၁၆ ရက်စွဲနဲ့ အမိန့်ကြေညာချက်ကို ထုတ်ပြန်ထားပါတယ်။
Non-CDM ဝန်ထမ်းများအနေဖြင့် အမျိုးသားညီညွတ်ရေးအစိုးရမှ ပေးအပ်တဲ့ နောက်ဆုံးသော အခွင့်အရေးအနေနဲ့ ပြည်သူလူထုဘက်မှ ရပ်တည်ကြရန်နဲ့ လိုက်နာဆောင်ရွက်ခြင်းမရှိပါက ဥပဒေများအရ ပြင်းထန်စွာ အရေးယူဆောင်ရွက်ခြင်းကို မလွဲမသွေ ခံယူရမှာဖြစ်တယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြ ထားပါတယ်။
စစ်ကိုင်းတိုင်း၊ ကောလင်းခရိုင် ကောလင်းမြို့ကို အမှတ်(၁)စစ်ဒေသ ခရိုင်ကွပ်ကဲမှု အစီအစဉ်နဲ့ ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ ပြည်သူ့ကာကွယ် ရေးအဖွဲ့(ပကဖ)နဲ့ တော်လှန်ရေးအဖွဲ့များက နိုဝင်ဘာလ ၆ ရက်မှာ မြို့ကို သိမ်းပိုက်ထားနိုင်ခဲ့တာပါ။