စစ်ကိုင်းတိုင်း၊ ကောလင်းမြို့ပေါ်ရှိ ကျော်ဇေယျာရပ်ကွက်ကို အကြမ်းဖက် စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့သောကြောင့် ၈ နှစ်အရွယ် ကလေးငယ် ၁ ဦးအပါအဝင် ပြည်သူ ၄ ဦးသေဆုံးခဲ့ကြောင်း Kawlin info မှ တာဝန်ရှိသူ တစ်ဦးကပြောဆိုသည်။
ဇွန်လ ၃၀ ရက်နေ့ ည ၁၂ နာရီခန့်တွင် ကောလင်း ထွေအုပ်ရုံးအတွင်းရှိ အကြမ်းဖက် စစ်တပ်က ကောလင်းမြို့ပေါ်ရှိ ကျော်ဇေယျာ ရပ်ကွက် ကို လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ပြီး ဘက ကျောင်းအနီးရှိ ဦးသာထူးခနေအိမ် နှင့် မဇာခြည်ဦးတို့ နေအိမ်တို့ကို ထိမှန်ကာ ပြည်သူ ၄ ဦးသေဆုံးခဲ့ကြောင်း သိရသည်။
သေဆုံးသူ ၄ ဦးမှ အသက် ၆၀ နှစ်အရွယ် ဦးသာထူး၊ ၄င်း၏ ဇနီး၊ အသက် ၈ နှစ်အရွယ် မြေး ဖြစ်သူနှင့် အသက် ၄၃ နှစ် အရွယ် မဇာခြည်ဦးတို့ဖြစ်ပြီး ရုပ်အလောင်းများကို စစ်တပ်က ယူဆောင်သွားကြောင်း သိရှိရသည်။
” ရုပ်အလောင်းတွေကို စစ်ခွေးတွေ သယ်သွားတယ်။ မနက်က ရောက်လာတယ်ပြောတယ်။ လက်နက်ကြီးကျတဲ့ နေအိမ် ပတ်ပတ်လည်ကိုလည်း ပိတ်ဆို့ ရှာဖွေသွားတယ်” ဟု Kawlin info မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။
ဇွန်လ ၃၀ ရက်နေ့ ည ၇ နာရီခန့်က ကန့်ဘလူမြို့နယ်၊ ကိုးတောင်ဘို့ကျေးရွာရှိ အကြမ်းဖက် စစ်တပ် အထိုင်စခန်းကို ကောလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နှင့် ကန့်ဘလူမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ပူးပေါင်းကာ ဝင်ရောက် တိုက်ခိုက်ခဲ့ကြောင်း၊ ယင်းတိုက်ခိုက်မှုနှင့် ပတ်သက်ပြီး အကြမ်းဖက် စစ်တပ်က ကောလင်းမြို့ပေါ်ကို လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။