စစ်ကိုင်းတိုင်း၊ ကောလင်းမြို့ပေါ်မှ စစ်ဘေး တိမ်းရှောင်လာသော သားအမိ ၂ ဦး စစ်တပ် ထောင်ထားသော မိုင်းနင်းမိပြီး မိခင်ဖြစ်သူ သေဆုံးခဲ့ကြောင်း Kawlin Revoluation -KR မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။
ဖေဖော်ဝါရီလ ၁၅ ရက်နေ့ မွန်းလွဲ ၂ နာရီခန့်တွင် ကောလင်းမြို့ အောင်မဂ်လာရပ်ကွက်နေ ဒေါ်ချစ်ရီနှင့် သားဖြစ်သူ ဦးနိုင်လင်းဦး တို့သည် စစ်ဘေးရှောင်လာစဉ် ကောလင်းမြို့ ရွှေမင်းဝံလမ်း ကြူတောရွာ တံတားအနီးတွင် အကြမ်းဖက် စစ်တပ်က ထောင်ထားသော မိုင်းနင်းမိပြီး မိခင်ဖြစ်သူ ဒေါ်ချစ်ရီ ပွဲချင်းပြီး သေဆုံးကာ သားဖြစ်သူ ဦးနိုင်လင်းဦးလည်း ခြေဖမိုးတွင် ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်းသိရှိရသည်။
ထို့ပြင် ဖေဖော်ဝါရီလ ၁၄ ရက်နေ့ကလည်း ဒေါ်ချစ်ရီတို့ သားအမိ ပိုင်ဆိုင်သည့် ရွှေ ၂ ပိဿာ၊ အိမ်စီးကားနှင့် စစ်ဘေးတိမ်းရှောင်ရန် ကြိုးစားစဉ် အကြမ်းဖက် စစ်တပ်က ရွှေနှင့်ကားကို ယူဆောင်ခွင့်မပေးဘဲ ဖမ်းဆီး သိမ်းဆည်းသွားကြောင်း၊ ဖေဖော်ဝါရီလ ၁၅ ရက်နေ့တွင် ဆိုင်ကယ်ဖြင့် ထပ်မံ ထွက်ပြေး တိမ်းရှောင်လာစဉ် မိုင်းနင်းမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“မြို့ထဲကနေ မြို့ပြင်ကို ထွက်ဖို့ကြိုးစားရင်းဖြစ်တာဗျ။ ကောလင်းမြို့ပေါ်က စစ်ရှောင်တွေ သိရသလောက်ကတော့ ၂၅၀၀၀ ဝန်းကျင်ထိရောက်လာပါပြီဗျ”ဟု Kawlin Revoluation -KR မှ တာဝန်ရှိသူက ရန်ကုန်ခေတ်သစ် သတင်းဌာနသို့ ပြောကြားသည်။
မိုင်းထိ၍ ဒဏ်ရာ ရရှိထားသော ရသူ ဦးနိုင်လင်းဦးကို ကောလင်းမြို့နယ်ရှိ တော်လှန်ရေး အင်အားစုများက လိုအပ်သည့် ကျန်းမာရေး စောင့်ရှောက်မှုများ ပြုလုပ်ပေးထားကြောင်း သိရှိရသည်။