စစ်ကိုင်းတိုင်း ၊ ကောလင်းခရိုင် ၊ ကောလင်းမြို့မှာရှိတဲ့ ပုဂ္ဂလိက ဘဏ်တွေရဲ့ ငွေသားလက်ကျန် ကျပ်သန်းပေါင်း ၄၄ ဘီလီယံကျော်ကို စနစ်တကျ လက်ခံသိမ်းဆည်းထားတယ်လို့ ကြားကာလဗဟိုဘဏ်က ဒီနေ့ရက်စွဲနဲ့ ထုတ်ပြန်ကြေညာလိုက်ပါတယ်။
ထုတ်ပြန်ချက်ထဲမှာ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကြားကာလဗဟိုဘဏ်ရဲ့ လမ်းညွှန်ချက်အရ ကောလင်းခရိုင် ပေါင်းစပ် ညှိနှိုင်းရေးအဖွဲ့က ကောလင်းခရိုင်၊ ကောလင်းမြို့ရှိ ပုဂ္ဂလိကဘဏ်များကို လုပ်ထုံးလုပ်နည်းနဲ့အညီ စိစစ်ထိန်းသိမ်းခဲ့ပြီး ပုဂ္ဂလိကဘဏ်များရဲ့ ငွေသားလက်ကျန် ကျပ်ငွေသန်းပေါင်း (၄၄,၅၁၈.၂၉၇) ကို စနစ်တကျ လက်ခံသိမ်းဆည်းရရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။
ကောလင်းခရိုင် ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့ရဲ့ တင်ပြချက်အရ အချို့သော ပုဂ္ဂလိကဘဏ်များမှာ လုံခြုံရေးစည်းကျိုးပေါက်ပြီး ဘဏ်ငွေတိုက်ခန်း (Vault) ကို ဖောက်ထွင်းဝင်ရောက်ရန် ကြံစည်အားထုတ် ထားတဲ့ အထောက်အထားများ တွေ့ရှိရပြီး အချိန်မီကာကွယ်တားဆီးနိုင်ခဲ့တာကြောင့် ပြည်သူလူထုရဲ့ အပ်နှံငွေများ ဆုံးရှုံးခဲ့ခြင်း မရှိဘူးလို့ ဖော်ပြထားပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ၊ ကြားကာလဗဟိုဘဏ်အနေနဲ့ ကောလင်းခရိုင်၊ ကောလင်းမြို့မှာရှိတဲ့ ပုဂ္ဂလိကဘဏ်များရဲ့ ငွေသားလက်ကျန် လက်ခံသိမ်းဆည်းထားရှိမှုကို စာရင်းသွင်း မှတ်တမ်းတင်ထားရှိပြီး ပြည်သူလူထုရဲ့ အပ်နှံငွေများ နစ်နာဆုံးရှုံးမှုမရှိစေရန် တာဝန်ခံလျက် ဥပဒေနဲ့အညီ ပြည်ထောင်စုဘဏ္ဍာ ရန်ပုံငွေအဖြစ် သတ်မှတ်ပြီး စနစ်တကျ စီမံခန့်ခွဲသွားမှာဖြစ်တယ်လို့ ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။