စစ်ကိုင်းတိုင်း ကောလင်းမြို့ အရှေ့စျေးအနီးက စစ်အုပ်စု ကင်းပုန်းဝပ်လေ့ရှိတဲ့ ကမ္ဘောဇဘဏ်ရှေ့မှာ ဒီမနက်ပိုင်း ပေါက်ကွဲမှုတစ်ခု ဖြစ်ပွားခဲ့ပြီးနောက် စစ်အုပ်စုက စျေးထဲက ပြည်သူတွေကို နာရီဝက်ခန့်ကြာ ထင်တိုင်းကျဲ ရမ်းကားပစ်ခတ် သောင်းကျန်းခဲ့တယ်လို့ ကောလင်း တော်လှန်ရေးအဖွဲ့ – Kawlin Revolution Team (KR-Teams) က ဖော်ပြပါတယ်။
ဒီနေ့ ဇွန်(၂၅)ရက် မနက်(၆)နာရီကျော်အချိန် ကောလင်းမြို့ ကမ္ဘောဇဘဏ်(၂)အနီး စစ်အုပ်စုက ပြည်သူတွေကို ဖမ်းဆီး ငွေညှစ်လေ့ရှိတဲ့ နေရာမှာ ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့တာလို့ ဆိုပါတယ်။
“စခများ ပုံမှန် ကင်းပုန်း ဝပ်နေကျ ဖြစ်သည့် နေရာ၌ ပေါက်ကွဲမှု ဖြစ်ပွားကာ စခအချို့ ထိခိုက်ဒဏ်ရာရပြီး စခများမှ စျေးတန်းရှိရာ ဘက်သို့ ရမ်းသမ်း ပစ်ခတ်ခဲ့ကြောင်းသိရ..။ ပစ်ခတ်မှု နာရီဝက်ခန့် ကြာမြင့်ခဲ့ပြီး စခများ ရမ်းသမ်း ပစ်ခတ်မှုကြောင့် ပြည်သူအချို့ အပြင်းအထန် ဒဏ်ရာရရှိခဲ့ကြောင်း သိရ” လို့ KR.Teams က ဖော်ပြပါတယ်။
ဗုံးပေါက်ကွဲမှုကြောင့် စစ်အုပ်စု နှစ်ယောက် သေတယ်လို့ သတင်းကြားပြီး စစ်အုပ်စုက စျေးထဲက ပြည်သူတွေကို ရမ်းကားပစ်ခတ် သောင်းကျန်းလို့ ပြည်သူတချို့ ထိခိုက်ဒဏ်ရာရတယ်လို့ ကောလင်းဒေသ မြေပြင်သတင်းတွေ ဖော်ပြနေတဲ့ Kawlin-info ကလည်း ဆိုပါတယ်။
အဲ့ဒီ ဖြစ်စဉ်နဲ့ပတ်သက်ပြီး MFP အနေနဲ့ သီးခြားအတည်ပြုနိုင်တာတော့ မရှိသေးပါဘူး။
စစ်အုပ်စုဟာ စစ်ကိုင်းတိုင်း အထက်ပိုင်းက ကောလင်းမြို့နယ် အပါအဝင် စစ်ကိုင်းတိုင်းအတွင်းက မြို့နယ် အများအပြားကို ၂၀၂၁ နှစ်လည်ပိုင်းက စတင်ပြီး ဖုန်းနဲ့ အင်တာနက်လိုင်းတွေ ဖြတ်တောက်ထားကာ ထင်တိုင်းကျဲ၊ လူသတ်၊ လုယက်၊ မီးရှို့နေတာ ဖြစ်ပါတယ်။