စစ်ကိုင်းတိုင်း၊ ကောလင်းမြို့ကို တော်လှန်ရေးတပ်ဖွဲ့များက တိုက်ခိုက်သိမ်းပိုက်ပြီးနောက် အနီးစပ်ဆုံးနေရာတွင်ရှိနေသည့် ထီးချိုင့်မြို့နယ်တွင် စစ်ကောင်စီဝန်ထမ်းများ ဂယောက်ဂယက်ဖြစ်ကာ စစ်တပ်တပ်ရင်းများနှင့်ရဲစခန်များတွင် သွားရောက် တိမ်းရှောင်ပြီး ရုံးများပိတ်ထားကြောင်း သိရှိရသည်။
ကောလင်းနှင့်နီးကပ်နေသော မြို့ဖြစ်သည့် ထီးချိုင့်တွင် တော်လှန်ရေးတပ်ဖွဲ့များ ဝင်ရောက်တိုက်ခိုက်မည်ကို ဌာနဆိုင်ရာ ဝန်ထမ်းများအားလုံးက စိုးရိမ်နေကြသဖြင့် ရဲစခန်းနှင့် တပ်စခန်းများထံသို့ သွားရောက် တိမ်းရှောင်ကြပြီး ဌာနဆိုင်ရာရုံးများကို ပိတ်ထားကြကြောင်း သိရှိရသည်။
“ထီးချိုင့်ထွေအုပ်ရုံးကနေ အကုန် လုံး တောင်ပေါ်ရဲစခန်းထဲကို ရွှေ့ကုန်ကြတယ်။ ထွေအုပ်ရုံးထဲမှာ ဘာမှ မရှိတော့ဘူး။
တောင် ပေါ်ရဲစခန်းမှာ အခိုင်အမာဘန်ကာတွေနဲ့ တပ်ချထားတဲ့ပုံစံမျိုးပဲ။ နိုဝင်ဘာလ ၅ ရက်နေ့ကစပြီး ထွေအုပ်ကနေ ပစ္စည်းတွေအကုန်တောင်ပေါ်ရွေ့နေတာ။ အခြားဌာနဆိုင်ရာတွေလည်း ရွှေ့ကြ တိမ်းရှောင်ကြပြီ” ဟု ထီးချိုင့်ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။
အလားတူ စစ်ကိုင်းတိုင်း ထီးချိုင့်တွင် တော်လှန်ရေးတပ်ဖွဲ့များက မြို့သိမ်းတိုက်ပွဲ ဆင်နွှဲမည်ဆိုပါက စစ်တပ်က ရမ်းကားပစ်ခတ်မည့် လေကြောင်းအန္တရယ်နှင့် လက်နက်ကြီးအန္တရယ်စိုးရိမ်သောကြောင့် မြို့လုံးကျွတ်နီးပါး ပြည်သူများ မြို့ကို စွန့်ခွာတိမ်းရှောင်နေကြကြောင်း သိရှိရသည်။
“ဒီနေ့မနက်ဆို ထီးချိုင့် တစ်မြို့လုံးခြောက်ကပ်သွားပြီ။ အိမ်စောင့်တဲ့ လူတွေပဲကျန်တော့တယ်။ စျေးလည်းအကုန်ပိတ်ထားကြတယ်။ မြို့ထဲကဆိုင်တွေလည်း မဖွင့်ကြတော့ဘူး။ နိုဝင်ဘာလ ၄ ရက်နေ့လောက်ကတည်းက ပြည်သူတွေ မြို့ကို ထွက်ခွာနေကြတာတရက်နည်းနည်း နဲ့ထွက်နေကြတာ ၄ ရက်လောက်တော့ရှိပြီ” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။
ယနေ့ နိုဝင်ဘာလ ၇ ရက်နေ့တွင် ထီးချိုင့်တစ်မြို့လုံးနီးပါး ပြည်သူများ ထွက်ပြေးတိမ်းရှောင်ကြပြီး မြို့ထဲတွင် လူသူ အလွန်နည်းပါးသွားကြောင်း သိရှိရသည်။
“ဒီနေ့တော့သိသိသာသာ အကုန်လုံးနီးပါးထွက်ကြတာ။ ထီးချိုင့်မြို့ပေါ်ကနေ တိမ်းရှောင်နေကြတာ။ အခုတော့မြို့ပေါ်လူမရှိတော့ဘူး” ဟု ထီးချိုင့်မြို့မှ ပြည်သူက ရှင်းပြသည်။