ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်နဲ့ အာရှလမ်းမကြီးကို ဆက်သွယ်ထားတဲ့ လမ်းပိုင်းကို စစ်ကောင်စီတပ်တွေက ဘတ်ဟိုးကားတွေနဲ့တူးပြီး ဒီကနေ့ မေလ ၁၄ ရက် မနက်ပိုင်းက ဖျက်ဆီးသွားတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
ကော့ကရိတ်မြို့နယ်၊ တောင်ကြာအင်းကျေးရွာနားက လမ်းပိုင်းကို စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ ၁၉) လက်အောက်ခံ၊ ခလရ ၃၄၃ ဒုရင်းမှူးက ဦးစီးပြီး ဖျက်ဆီးသွားတယ်လို့ ဒေသခံတစ်ဦးက မဲခေါင်သတင်းဌာနကို ပြောပါတယ်။
“မနက်က အဲ့ရွာကဒေသခံတစ်ဦးက လာပြောတာ၊ သူ့တို့နားက လမ်းကို ဘတ်ဟိုးနဲ့ တူးပြီး ဖျက်ဆီးသွားတာတဲ့။ ဘယ်သူတွေလဲဆိုတော့ အဲ့နားမှာ စစ်ကြောင်းထိုးနေတဲ့ ခလရ ၃၄၃ ဒုရင်းမှူး အမိန့်နဲ့ ရန်သူတွေ လာမှာစိုးလို့တဲ့။ အဲ့နားမှာက တိုက်ပွဲတွေဖြစ်ဖို့ ပြင်နေတာ၊ ကြောက်လို့ပဲနေမှာပေါ့” လို့ သူက ပြောပါတယ်။
မြဝတီမြို့နားမှာလည်း မနေ့က စစ်ကောင်စီ၊ BGF ပူးပေါင်းတပ်တွေက လတ်ခတ်တောင်ကြောကနေ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ လုံခြုံရေးယူထားတဲ့နေရာကို စစ်ကြောင်းထိုးဖို့ ကြိုးစားနေတာကြောင့် တိုက်ပွဲတွေ ပြင်းထန်နေပါတယ်။