ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့၊ လူနေရပ်ကွက်တွေကို စစ်ကောင်စီ အထိုင်တပ်စခန်းကနေ လက်နက်ကြီးနဲ့ ပစ်ခတ်ရာ ဒေသခံ စစ်ဘေးရှောင် မြေးအဘိုး ၂ ဦး သေဆုံးသွားတယ်လို့ သိရပါတယ်။
မနေ့ နိုဝင်ဘာ ၂၀ ရက်၊ ည ၁၀ နာရီခွဲမှာ စကခ (၁၂) လက်အောက်ခံ (၃၁၂) အမြောက်တပ်ကနေ ပစ်လိုက်တဲ့ ၈၁ မမ ဗုံးသီးဟာ နန့်ကော်ထိုး ရပ်ကွက်နေ ပြည်သူတွေ စစ်ဘေးရှောင်နေတဲ့ မြို့တော်ဦး ရပ်ကွက်ထဲ ကျရောက် ပေါက်ကွဲလို့ သေဆုံးခဲ့တာလို့ ကျားဖြူစစ်ကြောင်းက ဒီနေ့ မနက် ထုတ်ပြန်ပါတယ်။
သေဆုံးသူတွေဟာ အမျိုးသား ၂ ဦးဟာ အသက် ၇၀ အရွယ်နဲ့ အသက် ၁၆ နှစ်အရွယ် မြေးအဘိုးဖြစ်ပြီး ဒီနေ့ နေ့လယ်ပိုင်းမှာ ကော့ကရိတ် လှိုင်ဝသင်္ချိုင်းမှာ သင်္ဂြိုဟ်လိုက်တယ်လို့ သိရပါတယ်။
မနေ့ကညပိုင်း စစ်ကောင်စီ အမြောက်တပ်က လက်နက်ကြီး ပစ်ခတ်မှုကြောင့် အခြား ရွာသား ၂ ဦး ဒဏ်ရာရခဲ့သေးတယ်လို့ သိရပါတယ်။
ကော့ကရိတ်မြို့ပေါ်က ခမရ (၉၇) တပ်ရင်း အပါအဝင် လှိုင်ဝ အမြောက်ကုန်းကနေလည်း မြို့ပေါ် ရပ်ကွက်တွေ အပါအဝင် အနီးဝန်းကျင် ကျေးရွာတွေကို လက်နက်ကြီးနဲ့ ပစ်ခတ်လေ့ ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ကော့ကရိတ်မြို့နယ်မှာ မကြာခဏ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေနဲ့ စစ်တပ်က လက်နက်ကြီး ပစ်ခတ်မှုတွေကြောင့် မြို့ပေါ်နဲ့ အနီးတဝိုက် ကျေးရွာတွေမှာ ဒေသခံတချို့ မနေရဲတော့ဘဲ နေရပ်စွန့်ခွာတာတွေ ရှိသလို မြို့ခံ တချို့ကတော့ တိမ်းရှောင်ဖို့ အခက်အခဲတွေကြောင့် မြို့တွင်းမှာ ဆက်လက် နေထိုင်နေဆဲ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာ ၂၇ ရက်နေ့ကလည်း စစ်ကောင်စီတပ် လက်နက်ကြီး ပစ်ခတ်ရာက ကော့ကရိတ်မြို့ လူနေရပ်ကွက်တွေထဲ ကျရောက် ပေါက်ကွဲလို့ ဒေသခံ ၅ ဦး သေဆုံးပြီး ၂၀ ကျော် ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါသေးတယ်။