ထိုင်း − မြန်မာနယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းပေါ်က ကော့ကရိတ်မြို့ကို ဒီနေ့မနက်အစောပိုင်းမှာ စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်လာတယ်လို့ NUG အစိုးရ လက်အောက်ခံ ကျားဖြူစစ်ကြောင်းက အသိပေးပါတယ်။
ဒီနေ့မနက်အစောပိုင်း ၁ နာရီခွဲ ကနေ မနက် ၇ နာရီဝန်းကျင်ထိ ဗုံးကြဲတိုက်ခိုက်တာလို့ ကျားဖြူစစ်ကြောင်းကဆိုပါတယ်။
ဗုံးကြဲရာမှာ စစ်တပ်သုံး သယ်ယူပို့ဆောင်ရေး Y-12 လေယာဉ်ကို အသုံးပြုတာလို့ လည်း ကျားဖြူစစ်ကြောင်းက သူတို့ရဲ့ ဖေ့ဘွတ်ခ်ကနေ ရုပ်သံဖိုင်နဲ့ဖော်ပြပါတယ်။
ကော့ကရိတ်မြို့ကို သိမ်းနိုင်ဖို့အတွက် KNU နဲ့ PDF ပူးပေါင်းတပ်တွေဟာ ပြီးခဲ့တဲ့ နှစ် ဒီဇင်ဘာလ ၁ ရက်စတင်ပြီး ဒီနေ့ အထိ ၂လနီးပါးကြား တိုက်ခိုက်နေတာပါ။
တိုက်ပွဲတွေစတင်ဖြစ်ပွားတဲ့ရက်မှာပဲ ထိုင်း − မြန်မာ နယ်စပ်ကုန်သွယ်ရေး အာရှလမ်းမကြီးလည်းပိတ်သွားခဲ့ပါတယ်။ဒေသခံတွေလည်းကော့ကရိတ်မြို့ကနေ စွန့်ခွာပြေးခဲ့ကြရပါတယ်။
ကျားဖြူစစ်ကြောင်းကတော့ ကော့ကရိတ်မှာနေ့စဉ်နီးပါး ထိတွေ့တိုက်ပွဲတွေဖြစ်နေတဲ့အတွက် ဒေသခံပြည်သူတွေအနေနဲ့ မြို့ထဲကို ပြန်မလာကြဖို့ မေတ္တာရပ်ခံထားပါတယ်။
ကော့ကရိတ်မှာ စစ်ကောင်စီရဲ့ တပ်ရင်းတပ်ဖွဲ့တွေအပြင် တိုက်ခိုက်ရေးတပ်ဖြစ်တဲ့ အမှတ်(၁၂)စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ ၁၂ ) လည်းအခြေစိုက်ထားပါတယ်။