ကရင်အမျိုးသားအစည်းအရုံး(KNU)၊ ဒူးပလာယာခရိုင်၊ ကော့ကရိတ်မြို့နယ်အတွင်းရှိ စစ်ဘေး ရှောင်ပြည်သူများကို ဒူးပလာယာခရိုင်မှ အဖွဲ့အစည်းများနဲ့ ကျန်းမာရေးနဲ့ ကယ်ဆယ်ရေးဌာနတို့ ပူးပေါင်းပြီး အခြေခံစားနပ်ရိက္ခာများနဲ့ ကျန်းမာရေးစောင့်ရှောက်မှုများ ပြုလုပ်ခဲ့ကြောင်း KNU(ဗဟို)က မနေ့ညက ထုတ်ပြန်ခဲ့ပါတယ်။
ကော့ကရိတ်မြို့နယ်အတွင်းရှိ စစ်ရှောင် ပြည်သူများအား ဆန်၊ ဆီ၊ ဆား၊ အချိုမှုန့်၊ ငရုပ်သီး၊ ကြက်သွန်၊ ပဲ အစရှိတဲ့ အခြေခံစားနပ်ရိက္ခာများကို ဒီဇင်ဘာလ ၂၆ နဲ့ ၂၇ ရက် အတွင်း ဒူးပလာယာခရိုင်၊ ကော့ကရိတ်မြို့နယ် ခေါင်းဆောင်များရဲ့ ဦးဆောင်မှုဖြင့် ကရင်လူငယ်အစည်းအရုံး (K.Y.O)၊ ကရင်အမျိုးသမီးအစည်းအရုံး (K.W.O)၊ ပြည်တွင်းဌာနေမဲ့ ကရင် ဒုက္ခသည်များဆိုင်ရာ ကော်မတီ (C.I.D.K.P)၊ Free Burma Ranger (F.B.R)၊ ကော့ကရိတ်မြို့နယ် အရေးပေါ်တုန့်ပြန်ရေးနဲ့ လူမှုကူညီစောင့်ရှောက်ရေး ကော်မတီ စတဲ့ အဖွဲ့အစည်းတွေနဲ့ ဒူးပလာယာခရိုင် ကျန်းမာရေးနှင့်ကယ်ဆယ်ရေးဌာနတို့ ပူးပေါင်းပြီး ကူညီထောက်ပံ့ပေးခဲ့တာပါ။
ဒါအပြင် ဒုတိယအကြိမ် စစ်ဘေးရှောင်ပြည်သူများကို ကျန်းမာရေးပိုင်းဆိုင်ရာ ကြည့်ရှု စစ်ဆေးပေးပြီး ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးခဲ့တယ်လို့ဆိုပါတယ်။
ဒူးပလာယာခရိုင်၊ ကော့ကရိတ်မြို့နယ်ရှိ ဒေသခံပြည်သူများသာမက မြို့နယ်တိုင်းရှိ ဒေသခံ ပြည်သူများက အကြမ်းဖက် စစ်တပ်ရဲ့ အာဏာသိမ်းမှုကြောင့် ဆင်းရဲဒုက္ခပေါင်းများစွာ ကြုံတွေ့ရတဲ့အပြင် အကြမ်းဖက် စစ်ကောင်စီတပ်က လက်နက်ကြီးများနဲ့ ရမ်းသမ်းပစ်ခတ်မှု၊ လေယာဥ်ဖြင့် ဗုံးကြဲပစ်ခတ်မှု များကြောင့် အသက်ပေါင်းများစွာလည်း ဆုံးရှုံးခဲ့ကြရတယ်လို့ ဆိုပါတယ်။
လက်ရှိမှာ ကော့ကရိတ် တစ်မြို့နယ်လုံးအတွင်း စစ်ရှောင်ပြည်သူပေါင်း ၃ သောင်းကျော် ရှိနေပြီး စစ်ရှောင် ပြည်သူများသည် အရေးပေါ် စားနပ်ရိက္ခာများ ထပ်မံလိုအပ်လျက်ရှိကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားပါတယ်။