ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့မြောက်ဘက်ရှိ စော်ဟဲကျေးရွာကို စစ်ကောင်စီတပ် အင်အား ၁၀၀ ကျော်ဖြင့် စစ်ကြောင်းထိုးဝင်ရောက်လာကာ မေလ ၆ ရက်ညပိုင်းက မီးရှို့ဖျက်ဆီးခဲ့ပြီး တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ခုခံတိုက်ခိုက်ခဲ့လို့ ယနေ့ညနေပိုင်းမှာ ပြန်လည်ဆုတ်ခွာသွားတယ်လို့ သိရပါတယ်။
မတ်လ ၆ ရက်မနက်ပိုင်းက စော်ဟဲရွာအနီးတွင် ဒရုန်းနဲ့ကင်းထောက်ကာ ဗုံးကျဲခဲ့ပြီးနောက် ခြေလျင်စစ်ကြောင်းဝင်ရောက်လာခြင်းဖြစ်တယ်လို့ မြေပြင်သတင်းရင်းမြစ်က မဲခေါင်ကိုပြောပါတယ်။
“ရွားဘေးမှာရှိတဲ့ လယ်ထဲမှာ လက်နက်ကြီးကျည်ကျလို့ ရွာသား ၅ယောက် ဒဏ်ရာရတာရှိတယ်။ အမျိုးသမီးတစ်ယောက်ဆီကနေ နားကပ်တစ်စုံနဲ့ ငွေသားတစ်သိန်းကျော် လုသွားတယ်။ရွာက အိမ်ခြေသုံးဆယ်ကျော်ပဲရှိတာ ၁၀အိမ်ကျော်မီးလောင်သွားတယ်” စစ်ရေးသတင်းရင်းမြစ်ကပြောပါတယ်။
အဆိုပါ တပ်မ ၅၅ လက်အောက်ခံစစ်ကောင်စီတပ်ကို တောင်ပိုင်းတိုင်းစစ်ဒေသ အမှတ် ၃၁ ဗျူဟာ လက်အောက်ခံ ကျားဖြူစစ်ကြောင်း၊ Joker column စစ်ကြောင်းတို့က ရင်ဆိုင်တိုက်ခိုက်ခဲ့ခြင်း ဖြစ်တယ်လို့ သိရပါတယ်။
“ရန်သူနဲ့ နှစ်ဖက်ရင်ဆိုင်နေတဲ့ အခြေအနေပေါ့ သူတို့ကတော့ မြဝတီပြန်ရဖို့ထိုးစစ်ဆင်တာ ကျွန်တော်တို့က သူတို့အင်အားဖြည့်မယ့်လမ်းကြောင်းတွေကို ပိတ်ဆို့ဖြတ်တောက်ထားတော့ သူတို့မယ်မယ်ရရ ဘာမှမလုပ်နိုင်ဘူး” မြေပြင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။
ကရင်ပြည်နယ်၊ မြဝတီကိုစစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီရဲ့ နိုင်ငံတော်အဆင့် အောင်ဇေယျစစ်ဆင် ရေးကို တော်လှန်ရေးတပ်ဖွဲ့များက ကြားဖြတ်တိုက်ခိုက်ခဲ့ပြီး ထိခိုက်သေဆုံးမှုနဲ့ ထွက်ပြေးမှုများရှိနေပါတယ်။
စစ်ကြောင်းထိုးလာတဲ့ နိုင်ငံတော်အဆင့်စစ်ကြောင်းကိုတိုက်ခိုက်ရာ ဗိုလ်ကြီးတစ်ဦးအပါအဝင် ၁၂ ဦး သေဆုံးတယ်လို့ ကျားဖြူစစ်ကြောင်းက ထုတ်ပြန်ထားပြီး စစ်ကောင်စီဘက်က သံချပ်ကာကား ၂ စီး၊ စက်သေနတ်တပ်ဆင်ထားတဲ့ကားများကို တော်လှန်ရေးတပ်ဖွဲ့တွေက တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပါတယ်။
“သူတို့ဘက်ကထိခိုက်ကျဆုံးတာတွေ တော်တော်များတယ်။ နဘူးတိုက်နယ်ဆေးရုံနဲ့ တောင်ကလေးဆေးရုံမှာဆို စကစတွေအပြည့်ပဲ” လို့ စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။
မေလ ၄ ရက်က တပ်မ ၅၅ လက်အောက်ခံ တပ်သား ၃ ဦး လက်နက်နဲ့အလင်းဝင်လာခဲ့တယ်လို့ ကျားဖြူစစ်ကြောင်းက သတင်းထုတ်ပြန်ထားပါတယ်။
ပြီးခဲ့တဲ့ မေ ၃ ရက်က တပ်မ (၅၅) လက်အောက်ခံ ခလရ-၉၄ ယာယီတပ်ရင်းမှူး ဗိုလ်မှူးသန့်ဇော်ဝင်း တိုက်ပွဲအတွင်း သေဆုံးခဲ့ပါတယ်။