ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ အမှတ် ၇ ရပ်ကွက်၊ ဗောဓိလမ်းရှိ ကော့ကရိတ် မြို့နယ် လူဝင်မှုကြီးကြပ်ရေးရုံး(လက၀) သည် ယမန်နေ့ ညပိုင်း မီးရှို့ခံရပြီး ပြာကျသွားကြောင်း ဒေသပြည်သူများက ပြောဆိုကြသည်။
စက်တင်ဘာလ ၂၇ ရက်နေ့ ည ၁၁ နာရီဝန်းကျင်အချိန်တွင် ကော့ကရိတ်မြို့ နယ်ရုံး မီးစတင်လောင်ကျွမ်းခြင်းဖြစ်ပြီး တစ်ရုံးလုံး ပြာကျပျက်စီးသွားကြောင်း၊ ရှို့မီးဖြစ်ပြီး ယင်းရုံးတွင် သာမန် ရုံးစောင့်တချို့မှလွဲ၍ မည်သူမှ ရုံးတက်ခြင်း မရှိတော့ကြောင်း၊ မီးလောင်ကျွမ်းချိန်တွင် ရုံးရှိ ပရိဘောဂနှင့် ရုံးတွင်းပစ္စည်း တချို့ မီးလောင်ကျွမ်းခဲ့ကြောင်း၊ ရုံးမှာ အခွံ့သာရှိတော့ကြောင်း သိရှိရသည်။
“မီးကတော့ ရှို့မီးလို့ သိရပါတယ်။ အဲဒီရုံးမှာက ရုံးစောင့် ဝန်ထမ်းတစ်ဦး တော့ရှိတယ်။ မီးလောင်တဲ့အချိန်မှာတော့ အဲဒီဝန်ထမ်းလည်း ဘယ်ပြေးလဲ တော့ မသိရဘူး။ ရုံးကတော့ ပြာကျသွားတယ်” ဟု ကော့ကရိတ် ဒေသပြည်သူ တစ်ဦးက ဆိုသည်။
အလားတူ စက်တင်ဘာ ၂၆ ရက် ညပိုင်းက ပဲခူးတိုင်း၊ညောင်လေးပင်မြိုနယ်၊ရေဖြူကန်ကျေးရွာထိပ်ရှိ မဟာဓါတ်အားလိုင်း တာဝါတိုင် ၃ တိုင်မှာလည်း မိုင်းခွဲခံရ၍ ပြိုလဲပျက်စီးသွားကြောင်း သိရှိရသည်။